Monday, 19 December 2011 18:04

ဖွံ့ဖြိုးတိုးတက်မှုကို အပြုံးနဲ့တိုင်းပါ

Written by  လူထုစိန်ဝင်း
Rate this item
(1 Vote)

မကြာမီက နိုင်ငံခြားသူ စာရေးဆရာမတစ်ယောက်နဲ့ အတော်ကြာကြာ စကားပြောဖြစ်တယ်။ အရင်ကလည်း ရင်းနှီးပြီးသားဖြစ်လို့ နှစ်ယောက်စလုံး ပွင့်ပွင့်လင်းလင်းပဲ ပြောကြတယ်။ သူက မြန်မာပြည်နေရာအနှံ့ အခေါက်ခေါက် အခါခါ ရောက်ဖူးတဲ့အတွက် စကားပြောရတာ လွယ်ကူချောမောတယ်။ သိပ်လက်မ၀င်ဘူး။

လူအိုရုံတွေ နည်း

စကားပြောရင်းနဲ့ မြန်မာပြည် မြို့ကြီး၊ မြို့နယ် အတော်များများမှာ နာရေးကူညီမှုအသင်းတွေ ပေါ်ထွန်းလာတာ ၀မ်းသာစရာကောင်းတဲ့အကြောင်း ပြောပြီး အိုရေးအတွက်တော့ လူအိုရုံတွေ သိပ်နည်းနေလို့ အားမရဘူးလို့ ပြောပြတယ်။ မှန်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ဘိုးဘွားရိပ်သာတွေ နည်းပါတယ်။ အနောက်နိုင်ငံသားတွေက ဘာမဆို ကိန်းဂဏန်းတွေကတဆင့် ကြည့်တတ်ကြတာဆိုတော့ သူတို့မျက်စိထဲမှာတော့ အထင်အမြင်သေးစရာ ဖြစ်နေပါလိမ့်မယ်။ ဒါတောင် ဒီစာရေးဆရာမက မြန်မာနိုင်ငံအကြောင်း ကောင်းကောင်းသိပြီး မြန်မာလူမျိုးတို့ရဲ့ စရိုက်သဘာဝနဲ့ ယဉ်ကျေးမှုကို တော်တော်လေး ချစ်ခင်နှစ်သက်သူ ဖြစ်ပါတယ်။

ရေတ၀က်ရှိတဲ့ ပုလင်းလို

ဒီကိစ္စဟာ ရေတ၀က်ရှိတဲ့ပုလင်းကို ကြည့်သလိုပဲ ကြည့်သူရဲ့စိတ်ကိုလိုက်ပြီး အမြင်ကွဲပြားသွားနိုင်တဲ့ကိစ္စပါ။ အကောင်းမြင်စိတ် ရှိသူဟာ ရေတ၀က်ရှိတဲ့ပုလင်းကို ကြည့်ပြီး ရေတ၀က်ကြီးများတောင် ကျန်ပါသေးလားလို့ မြင်ပါလိမ့်မယ်။ အဆိုးမြင်စိတ်နဲ့ ကြည့်တတ်သူကတော့ ရေက တ၀က်ပဲ ကျန်တော့ပါလားလို့ မြင်ပါ၊ ပြောပါလိမ့်မယ်။ ဘိုးဘွားရိပ်သာတွေ နည်းတဲ့ကိစ္စကို အဆိုးမြင်နဲ့ကြည့်ရင်တော့ မြန်မာတွေ မေတ္တာကရုဏာ ခေါင်းပါးတယ်၊ လူမှုရေးနားမလည်ဘူး၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အင်စတီကျူးရှင်း အလုံအလောက်မရှိသေးလို့ ဒီမိုကရေစီနဲ့ မထိုက်တန်သေးဘူးလို့ ကောက်ချက်ချသူ တချို့လည်း ရှိလိမ့်မယ်။

အိမ်ဦးခန်းမှာထား

အကောင်းမြင်စိတ်နဲ့ ကြည့်ရင်တော့ မြန်မာ့လူ့အဖွဲ့အစည်းက ဗုဒ္ဓဘာသာထွန်းကားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် မိဘကို ရတနာသုံးပါးနှင့် ထပ်တူထပ်မျှ ရိုသေလေးစား ဦးထိပ်ထားပြီး ပြုစုစောင့်ရှောက်ကြတယ်။ သက်ကြီးရွယ်အိုဆိုရင် မိဘသာမက ဦးကြီး၊ ဘကြီး၊ ဦးလေး၊ အဒေါ်တွေကိုတောင် အိမ်ဦးခန်းမှာထားပြီး ရာသက်ပန် ပြုစုစောင့်ရှောက်ကြတယ်။ ဒါကြောင့် လူအိုရုံတွေ များများစားစား မလိုတာလို့ တွေးပါလိမ့်မယ်။ မြန်မာနိုင်ငံက ဆင်းရဲတဲ့ ကျေးလက်တောရွာတွေမှာတောင် သက်ကြီးရွယ်အိုတွေကို စွန့်ပစ်ထားလို့ လမ်းဘေးမှာ လိုက်ကောက်ပြီး ပြုစုစောင့်ရှောက်ရတယ်ဆိုတဲ့ အခြေအနေမျိုး ဘယ်မြို့ဘယ်ရွာမှာမှ မရှိပါဘူး။

စိတ်ယဉ်ကျေးမှု မြင့်လို့

ငွေကြေးချမ်းသာ ပြည့်စုံနေလို့ လူအိုလူမင်းတွေကို မစွန့်ပစ်ကြတာမဟုတ်ဘူး။ စိတ်ယဉ်ကျေးမှုကိုက အဆင့်မြင့်တဲ့လူမျိုးဖြစ်လို့ပါ။ နိုင်ငံခြားတိုင်းပြည်ကြီးတွေ တိုးတက်ချမ်းသာကြပါတယ်။ စိတ်ရောဂါကုဆေးရုံတွေနဲ့ လူအိုရုံတွေလည်း များလှပါတယ်။ ရာဇ၀တ်မှုတွေနဲ့ အကြမ်းဖက်မှု ဆိုတာတွေလည်း ကြောက်ခမန်းလိလိ ဖြစ်အောင်ကို ထူပြောလှပါတယ်။ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေကိုလည်း ပစ်ပယ်လွန်းပါတယ်။ လူကြီးတွေအတွက် အချိန်ပြည့် ပြုစုစောင့်ရှောက်မှုတွေရှိလို့ ပိုကောင်းတာပေါ့ဆိုတဲ့ စကားလုံးလှလှလေးတွေသုံးပြီး Nursing Home လို့ခေါ်ကြတဲ့ လူအိုရုံတွေကို ပို့ထားလိုက်ကြတာပါပဲ။

လူဟာ လူပဲ

လူအိုရုံတွေမှာ ဆရာဝန်တွေ၊ သူနာပြုတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သားသမီးတွေ မဟုတ်ပါဘူး။ မြေးတွေ၊ မြစ်တွေ မဟုတ်ပါဘူး။ ထမင်း အချိန်နဲ့ကျွေး၊ ဆေး အချိန်နဲ့တိုက်၊ သွေးတိုင်းဖို့လိုရင် တိုင်းပေး ဆိုတာလောက်နဲ့ ပြီးရောလား။ ဒါကို လူအိုတွေအတွက် ကောင်းတယ်လို့ ပြောတာလား။ သားသမီးတွေကို အချိန်တန် အရွယ်ရောက်လို့ လူလားမြောက်တဲ့အထိ ကျွေးမွေး ပြုစုစောင့်ရှောက်လာခဲ့ကြတဲ့ အဖေတွေ၊ အမေတွေပါ။ မရက်စက်သင့်ပါဘူး။ အရာရာကို ရုပ်ပိုင်းဆိုင်ရာကိုသာကြည့်ပြီး မစဉ်းစားသင့်ဘူး။ မေတ္တာ၊ ကရုဏာ ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုလည်း ထည့်စဉ်းစားသင့်တယ်။ အဘိုးအို၊ အဘွားအိုကြီးတွေလည်း မြေးကလေးတွေ ပျော်ရွှင်မြူးထူး ဆော့ကစားနေတာလေးတွေကိုကြည့်ပြီး ကြည်နူးချင်ကြရှာမှာပါ။ သူနာပြုဆရာမ ခင်းပေးတဲ့ အိပ်ရာခင်းဖြူဖြူ သန့်သန့်လေးထက် မြေးကလေးတွေ လာအိပ်ရင်း ပေါက်ချသွားတဲ့ သေးနံ့လေးသင်းနေတဲ့ အိပ်ရာခင်းဟောင်းလေးကို ပိုပြီးသဘောကျမှာ သေချာပါတယ်။ ဘယ်လောက်ကြီးကြီး၊ ဘယ်လောက်ငယ်ငယ် လူဟာလူပါပဲ။ ကိုယ်က ချစ်နေချင်သလို ကိုယ့်ကို ချစ်တာကိုလည်း ခံချင်ပါတယ်။

အခြားတစ်ဖက်က မစဉ်းစားမိလို့

ဒီအကြောင်းအရာတွေကို ပြောလိုက်တော့ နိုင်ငံခြားသူ စာရေးဆရာမက ချက်ချင်း သဘောပေါက်သွားတယ်။ ရေတ၀က်ရှိတဲ့ပုလင်းကို ကြည့်တဲ့သဘောမျိုးပဲ ဆိုတာကိုလည်း လက်ခံတယ်။ အခြားတစ်ဖက်က လှည့်ပြီး မစဉ်းစားမိတာ သူ့အပြစ်ပါလို့လည်း ၀န်ခံတယ်။ သူက မြန်မာပြည်ကို အခေါက်ခေါက်အခါခါ ရောက်ပြီး မြန်မာလူမျိုးတွေ အများကြီးနဲ့လည်း ရင်းနှီးကျွမ်းဝင်နေလို့သာ ချက်ချင်းသဘောပေါက်လွယ်တာ။ တခြား နိုင်ငံခြားသားတွေဆို နားလည်သဘောပေါက်မှာ မဟုတ်ဘူး။ အဲဒီလိုလူမျိုးတွေဆို ဒီလို လေကုန်ခံပြီး ရှင်းပြပြောပြလည်း လုပ်မှာမဟုတ်ဘူး။ အောက်ဆီဂျင် ရှူရတဲ့တန်ဖိုးက သေးတာမှမဟုတ်တာ။

နိုင်ငံခြား စံနှုန်းတွေ

လူတစ်ယောက်ကို ကြည့်တဲ့အခါဖြစ်ဖြစ်၊ လူမျိုးတစ်မျိုးကို အကဲဖြတ်တဲ့အခါဖြစ်ဖြစ် နိုင်ငံခြားကလူတွေ သုံးကြတဲ့ စံနှုန်းတွေကို တယ်ပြီးသဘောမတွေ့ပါဘူး။ သူတို့က စီးပွားရေးပညာရှင်ဆိုတဲ့ မဟာပညာကျော်တွေရဲ့ စီးပွားရေးအမြင်သက်သက်နဲ့ တွေးဆထားတဲ့ စံနှုန်းတွေကိုပဲ အဟုတ်ထင်ကြတယ်။ ဘွဲ့ရတဲ့သူ ဘယ်နှယောက်ရှိတယ်၊ မော်တော်ကား ဘယ်နှစီးရှိတယ် ဆိုတာတွေနဲ့ပဲ လူတွေနဲ့ တိုင်းပြည်တွေကို တိုင်းကြည့်ပြီး အဆင့်သတ်မှတ်နေကြတာ။ ဒီမိုကရေစီ အင်မတန်ထွန်းကားပြီး စာတတ်မြောက်မှုရာနှုန်း မြင့်မားလာတယ်ဆိုတဲ့ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာဇ၀တ်မှုအထူပြောဆုံး၊ အကြမ်းဖက်မှုအများဆုံး၊ လင်ကွဲ မယားကွဲ အမြင့်ဆုံး၊ ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်မှု ကမ္ဘာမှာအမြင့်ဆုံး ဆိုတဲ့အချက်တွေကိုတော့ ထည့်ပြီး စဉ်းစားလေ့ မရှိကြဘူး။

အပြုံးနဲ့ တိုင်းပါ

ဖွံ့ဖြိုးတိုးတက်မှုဆိုရာမှာ ဂျီဒီပီတွေ၊ ဂျီအင်ပီတွေနဲ့ သတ်မှတ်လို့မရပါဘူး။ ဘွဲ့ရတဲ့သူ ဘယ်နှယောက်ဆိုတာနဲ့ တိုင်းတာလို့ မရပါဘူး။ လူတွေ ဘယ်လောက်ပျော်ရွှင်မှုရှိသလဲ၊ ဘယ်လောက် ပြုံးနိုင်ကြသလဲ၊ စိတ်ယဉ်ကျေးမှုအဆင့် ဘယ်လောက်ရှိသလဲ ဆိုတာတွေပါ ထည့်သွင်းစဉ်းစားမှ ပြည့်စုံလိမ့်မယ်လို့ ယူဆတယ်။ တစ်ခုတည်း ချုပ်ပြီး ပြောမယ်ဆိုရင်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို အဲဒီနိုင်ငံမှာ ပြုံးနိုင်တဲ့သူ ဘယ်လောက်ရှိသလဲဆိုတာနဲ့ တိုင်းပါလို့ ပြောချင်တယ်။ ရယ်တယ်ဆိုတာက လူရွှင်တော် ပြက်လုံးထုတ်တာကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်လို့ရတယ်။ ဟာသ၀တ္ထုတွေဖတ်ပြီး ၀ါးလုံးကွဲ ရယ်လို့ရတယ်။ ကလိထိုးရင်လည်း ထွန့်ထွန့်လူးအောင် ရယ်လို့ရတယ်။ ပြုံးတယ်ဆိုတာကတော့ မလွယ်ဘူး။ တကယ်ကို ရင်ထဲမှာ ကျေနပ်နှစ်သိမ့် ကြည်နူးနေမှ ပြုံးလို့ရတာ။    ။

၂၀၁၁ ဇန်န၀ါရီလ ၃ ရက်ထုတ် Favourite News မှ လူထုစိန်ဝင်း ရေးသားသောဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။

Read 1543 times Last modified on Wednesday, 29 February 2012 20:31
You are here: Home အထူးကဏ္ဍ Special Section အမိမြေသို့အလွမ်းပြေ Nostalgia သုတ၊ ရသစာပေ Other Literatures ဖွံ့ဖြိုးတိုးတက်မှုကို အပြုံးနဲ့တိုင်းပါ