☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ပြည်သူ့ဂုဏ်ရည်အသင်း ဆန်ဖရန်စစ္စကို ဌာနခွဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ကိုမောင်မောင်ဝင်း (ခေါ်) စာရေးဆရာ မောင်ရစ်...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Monday, 22 June 2015 01:11

“၂ဝ၁၅ ခု ပြည်သူ့ဂုဏ်ရည်ဆု ကြေညာဂုဏ်ပြုပွဲ” ဇွန်လ ၇ ရက်၊ ၂ဝ၁၅ ခု ယူတီကာမြို့တွင် ပြည်သူ့ဂုဏ်ရည်အသင်းက ပြောတဲ့ ဆုရှင်တို့အကြောင်း

Written by  COBA Team

“၂ဝ၁၅ ပြည်သူ့ဂုဏ်ရည် ဆုရှင် မဖြိုးဖြိုးအောင်” ...

အများအကျိုးသယ်ပိုးဆောင်ရွက်ရာမှာ ခက်ခဲကြမ်းတမ်းတဲ့ ခယောင်း လမ်းတွေကို ဖြတ်သန်းဆောင်ရွက်ရတဲ့ အဖြစ်အပျက်၊ သာဓကတွေဟာ ကမ္ဘာ့ သမိုင်းနဲ့ မြန်မာ့သမိုင်း စာမျက်နှာတွေမှာ အထင်အရှားရှိခဲ့ပါတယ်။ အများအကျိုး အတွက် စွန့်စားပေးဆပ်နေသူ၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းတို့ကို သက်ဝင်ယုံ ကြည်ပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ရဲသူ .. တဦးကို ၂၀၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ခဲ့ပါတယ်။

အဲဒီသူကတော့ -

နိုင်ငံ့အနာဂတ်အရေးအတွက် အမျိုးသားပညာရေးဥပဒေကို ပြန်လည် ပြင်ဆင်ပေးဖို့ ခရီးရှည်ချီတက်တောင်းဆို ဆန္ဒပြခဲ့တဲ့ ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းဒေသမှာ အင်အားသုံး အကြမ်းဖက် ရိုက်နှက် ဖြိုခွဲခံရချိန်က သပိတ် စစ်ကြောင်းရဲ့ အဓိကခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားသမဂ္ဂများအဖွဲ့ချုပ် အထွေအထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ပဲဖြစ်ပါတယ်။

မဖြိုးဖြိုးအောင်ကို ဒေါက်တာနေဝင်း၊ ဒေါ်ခင်သန္တာတို့မှ ၁၉၈၈ ခုနှစ် ဒီမို ကရေစီအရေးတော်ပုံကာလမှာ မွေးဖွားခဲ့ပါတယ်။ သူ့အသက် ဆယ်လသမီးအ ရွယ်မှာ ဖခင်ဒေါက်တာနေ၀င်းကို နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျသွားတဲ့အခါ ပုဒ်မ တွေတပ်ပြီး စစ်အာဏာရှင်တွေက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့ပါတယ်။ ဖခင်က နိုင်ငံရေးပုဒ်မနဲ့ ထောင်ကျသွားတဲ့အခါ မိခင်က ဈေးရောင်းပြီး ဘဝ အခက်အခဲ တွေကို ရင်ဆိုင်ခဲ့ပါတယ်။ နိုင်ငံရေးသမား မိသားစုဝင်တွေရဲ့  ခါးသီးတဲ့ အတွေ့ အကြုံ၊ နာကျင်စရာ တကယ့် အဖြစ်အပျက်တွေကြားမှာ စာအုပ်များကို ခုံမင်စွာ ဖတ်ရှု လေ့လာရင်း ငယ်ဘဝရဲ့  အချိန်အများစုကို မဖြိုးဖြိုးအောင် ဖြတ်သန်းခဲ့ပါ တယ်။

၂၀၀၄ ခုနှစ်မှာ ဒေါက်တာနေ၀င်း ထောင်ကပြန်လွတ်ပါတယ်။ မဖြိုးဖြိုးအောင် အသက် (၁၆)နှစ်အရွယ်ကိုရောက်မှ အဖေနဲ့သမီး ပထမဆုံးပြန်ဆုံခဲ့ကြရတာပါ။ ဒါပေမယ့် သားအဖနှစ်ဦး အတူနေလိုက်ရချိန်က သိပ်မရှည်ကြာခဲ့ပါဘူး။

၂၀၀၇ ခုနှစ် ရဟန်းသံဃာတော်များဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကာ လမှာ အဲဒီအချိန်က အသစ်ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗကသ အဖွဲ့ဝင်တွေနဲ့အတူ သံဃာတော် များနဲ့ပူးပေါင်းပြီး အရေးဆိုခဲ့ပါတယ်။ သံဃာ့အရေးအခင်း နှိမ်နင်းခံရချိန်မှာ တိမ်းရှောင်ခဲ့ရ ပေမယ့် ၂၀၀၈ ခုနှစ်မေလမှာ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်သန်းတိုက်ခတ်သွားခဲ့တဲ့ နာဂစ် လေမုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ ပြည်သူများကိုကူညီဖို့ ရှောင်တိမ်းပုန်း အောင်းနေရာကထွက်ပြီး ဖခင်နဲ့အတူ အစားအစာများ ဝေငှထောက်ပံ့ခဲ့ပါတယ်။ သေကြေ ပျက်စီးခဲ့ရတဲ့ ရုပ်အလောင်းများကို ကောက်ယူ၊ မီးသဂြိင်္ုလ်ပေးခဲ့အပြီးမှာတော့ အာဏာ ပိုင် တွေရဲ့  နိုင်ငံရေးပုဒ်မများတပ်လို့ ဖမ်းဆီးခြင်းခံခဲ့ရပြီး သားအဖနှစ်ဦးစလုံး ထောင်လေးနှစ်စီ ကျခံခဲ့ရပါတယ်။ ဒေါက်တာနေဝင်းနဲ့ သမီးဖြစ်သူမဖြိုးဖြိုးအောင်တို့ရဲ့  မွန်မြတ်တဲ့ လုပ်ရပ် များကြောင့် ၂၀၁၁ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းခံခဲ့ရပြီး ပဏာ မ (၂ဝ) ဦးစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

"အဲဒီအချိန်တုန်းက အများကြီးသိလို့၊ အများကြီးတွေးမိလို့ ဆိုတာထက်၊ ဖြစ်နေတဲ့ အခက် အခဲ အကျပ်အတည်းတွေကို ကျမတို့ ဘယ်လိုပုံစံနဲ့ ဖြေရှင်းပေးနိုင်မလဲဆိုတဲ့ အတွေးအခေါ် မျိုးနဲ့ တတ်နိုင်တဲ့ဘက်က ဝင်ရောက်ကူညီချင်တဲ့ စိတ်မျိုးနဲ့လုပ်ဖြစ်ခဲ့တာပါ" လို့ မဖြိုးဖြိုး အောင်က ရိုးရိုးရှင်းရှင်း ပြောပြခဲ့ပါတယ်။

အဖမ်းခံရချိန်မှာ မဖြိုးဖြိုးအောင်ဟာ တတိယနှစ် မြို့ပြအင်ဂျင်နီယာ ကျောင်းသူ တဦးဖြစ်ပါတယ်။ ထောင်ကပြန်လွတ်လာပြီးချိန် ကျောင်းကိုပြန်သွားသေးသော်လည်း ကျောင်းပြန်တက်ခွင့်မရရှိတော့ပါ။ အဝေးသင်တက်ခွင့်ရသော်လည်း စိတ်ဆန္ဒမပါသည့်အ တွက် ပြန်မတက်ဖြစ်တော့ပါ။

မဖြိုးဖြိုးအောင်ဟာ မှန်ကန်တာကိုလုပ်ခဲ့တဲ့အတွက် နောင်တလဲမရသလို မတ ရားမှုဖိနှိပ်မှုကို ဦးညွတ်တတ်သူလည်းမဟုတ်ပါဘူး။ ဒီအချိန်မှာပဲ မှားယွင်းတဲ့ ပညာရေးစနစ် ကို မုချပြောင်းလဲမယ်ဆိုတဲ့အတွေးက သူ့စိတ်ထဲမှာ စွဲမြဲခဲ့ပါတယ်။

ပညာရေးဟာ လူတိုင်းအတွက် အရေးကြီးတယ်။ ကျောင်းသားတဦးကျောင်း နေ ရေးကို အာဏာပိုင်တွေက ဆုံးဖြတ်ပေးလို့မရဘူး။ ပညာရေးကို ချုပ်ကိုင်ထားလို့မရဘူး၊ ကန့်သတ်ထားလို့မရဘူး၊ ကျောင်းသားတွေမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိရမယ်။ မြန်မာ့ ပညာရေးစနစ် ပြောင်းလဲဖို့လိုလာပြီဆိုတာ သူ့အတွက် ခိုင်မာတဲ့ ယုံကြည်ချက် ဖြစ်လာ ပါတယ်။

၂၀၀၈၊ ၂၀၀၉ ခုနှစ်တွေထဲမှာ ဆက်တိုက် အဖမ်းခံခဲ့ရတဲ့ ဗကသ မျိုးဆက် သစ် တွေဟာ ၂၀၁၁ ခုနှစ်မှာ ပြန်လွတ်ခဲ့ပါတယ်။ သမဂ္ဂအလံကို ဆက်လွှင့်ခဲ့သလို ဗကသများ အဖွဲ့ချုပ်ကို စနစ်တကျဖြစ်အောင် ပြန်ဖွဲ့ခဲ့ပါတယ်။ ဗကသ မျိုးဆက်ဟောင်းတွေနဲ့ နှီးနှော တိုင်ပင်တာတွေ ရှိခဲ့ကြသလို၊ သူတို့နောက်မှာ ပေါ်လာတဲ့ မျိုးဆက်သစ်တွေနဲ့လည်း ချိတ်ဆက်ခဲ့ကြပါတယ်။ မဖြိုးဖြိုးအောင် ဟာ ထောင်ကပြန်လွတ်လာပြီးနောက်ပိုင်း ဗကသ များအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းချိန်မှာ ပါဝင်ခဲ့ပါတယ်။

ကျောင်းသားတွေကို စည်းရုံးမှုတွေ လုပ် ခဲ့ပါတယ်။ အနယ်နယ် အရပ်ရပ်မှာ ကျောင်းသားသမဂ္ဂ ခရိုင် ၂၆ ခု၊ ကျောင်းသားသမဂ္ဂ ၄၀ ကျော် ဖွဲ့စည်းနိုင်သည်အထိ အောင်မြင်ခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနဲ့အတူ မဖြိုးဖြိုးအောင် အပါအ၀င် သမဂ္ဂ စိတ်ဓာတ် လက်ဆင့်ကမ်းခဲ့သူကျောင်းသားတွေ ဆင့်ကဲပေါ်ထွက်လာပါတယ်။ သူတို့တွေရဲ့ တောင်းဆိုမှုကို အာဏာပိုင်တွေဟာ အကြိမ်ကြိမ် လျစ်လျူရှုခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲပေးဖို့ တောင်းဆိုခဲ့တဲ့ အ ချက်များထဲမှ အဓိကအချက်များကတော့ -

တိုင်းပြည်ရဲ့ ပညာရေးစနစ်ကြီးတခုလုံးဟာ တာဝန်ရှိသူတွေရဲ့  ကိုယ့်လူ ကိုယ် မွေးမျက်နှာသာပေးမှုတွေနဲ့အတူ ဟုတ်ရာမှန်ရာ၊ နိုင်ငံအကျိုးရှိရာရှိကြောင်းတွေကို တတ် သိနားလည်သူတွေက မပြောရဲမဆိုရဲလောက်အောင် ဖိနှိပ်ခဲ့တဲ့ အာဏာပိုင် အဆင့်ဆင့်တွေ ရဲ့  ဗဟိုချုပ်ကိုင်မှုတွေကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့အဆင့်ကို မဆိုထားနဲ့ မိမိရဲ့  အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တောင်မှ အင်မတန် အောက်ကျနောက်ကျ ဖြစ်နေပြီဖြစ်တဲ့ ပညာရေးအတွက် နှစ်စဉ် အသုံးစားရိတ် ကို ၂၀ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ တောင်းဆိုခဲ့ပါတယ်။

ပညာရေးဟာ ငွေကြေးတတ်နိုင်သူတွေအတွက်သက်သက် မဖြစ်စေရဘဲ နိုင်ငံ သားတိုင်း ဆင်းရဲ၊ ချမ်းသာမရွေး၊ အခြေခံ ပညာရေး အလယ်တန်းအဆင့်အထိ အခမဲ့သင် ခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။

ဘွဲ့လက်မှတ်ရယုံသက်သက်ဦးတည်တဲ့၊ မှတ်ဥာဏ်သညာကို အဓိကထားတဲ့၊ အ လွတ်ကျက် ပညာရေးမဟုတ်ဘဲ လွတ်လပ်စွာ စဉ်းစားတွေးခေါ်မှုကို အခြေခံတဲ့ ဒီမိုကရေစီ ပညာရေးဖြစ်ဖို့ တောင်းဆိုခဲ့ပါတယ်။

သမိုင်းအစဉ်အလာကြီးမားတဲ့ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းရပ်တည် ခွင့်များကို တောင်းဆိုခဲ့ကြပါတယ်။

ခရီးရှည်ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းများကို ပြည်သူလူ ထုက အင်နဲ့အားနဲ့ ထောက်ခံ ဝန်းရံလာချိန်ရောက်မှ တာဝန်ရှိသူတွေက ကျောင်းသားများနဲ့ တွေ့ဆုံဆွေးနွေးဖို့ စတင်ပြင်ဆင်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များနဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီဝင်များ ဆွေးနွေးခဲ့ကြပါတယ်။ မဖြိုးဖြိုး အောင် အပါအ၀င် ကျောင်းသား ကိုယ်စားလှယ်တွေရဲ့  ချက်ကျလက်ကျ ရှင်းလင်း၊ တင်ပြ၊ တောင်းဆို ဆွေးနွေးမှုတွေကြောင့် ပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် တောင်း ဆိုဆန္ဒပြသူတွေကို ဖမ်းဆီးခြင်းမလုပ်ပါဘူးဆိုတဲ့ ကတိစကားအပါအဝင် အကြိုညှိနှိုင်းမှု များကို သဘောတူကြောင်း အစိုးရကိုယ်စားလှယ်များက လက်မှတ်ထိုးခဲ့ကြတဲ့ အဆင့်အထိ ရောက်ခဲ့ပါတယ်။

မဖြိုးဖြိုးအောင်ရဲ့  အချက်ကျကျ တည်တည်ငြိမ်ငြိမ်နဲ့ မိမိ အယူအဆအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြောဆိုသွားပုံကို အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီးထုတ် လွှင့်ခဲ့တဲ့ DVB ဆွေးနွေးပွဲအစီအစဉ်မှာ မြင်တွေ့ကြရသလို၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာလဲ သူ့ရဲ့ အရည်အချင်းနဲ့ ရဲရင့်ပြတ်သားတဲ့ ယုံကြည်မှုကို အသိအမှတ်ပြုစရာ မြင်ရပြန်ပါတယ်။ ပင်မသပိတ်စစ်ကြောင်းကို အင်အားသုံး အကြမ်းဖက် ရိုက်နှက်ဖြိုခွဲ ခံရချိန်မှာလဲ သူ့ရဲ့  ခိုင် မာတဲ့စိတ်ဓါတ်နဲ့ သတ္တိကို မှတ်ကျောက်တင်ခံခဲ့ပါတယ်။

အသက် ၂၇ နှစ် အရွယ်သာ ရှိသေးတဲ့ မဖြိုးဖြိုးအောင်ဟာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်ပါတယ်။ ဒါ့အ ပြင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီအဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ကောင်း မွန်သော ပညာရေးစနစ်အပေါ်အခြေခံပြီး ဒီမိုကရေစီ အလေ့အကျင့်များ ဖွံ့ဖြိုးလာစေချင်တဲ့ ရည်မှန်းချက်နဲ့အတူ အာဏာပိုင်တွေကို အံတုရင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သာယာဝတီ အကျဉ်းထောင်ထဲမှာ လက်ရှိအကျဉ်းကျခံနေရပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့  ကိုယ်ကျိုးမဖက် ကျိုးပမ်းဆောင်ရွက်ခဲ့မှုတွေ ကို ပြည်တွင်း ပြည်ပက မြန်မာပြည်သူတွေအနေနဲ့ ဘယ်တော့မှ မေ့လျော့သွားမှာ မဟုတ်ပါ ဘူး။ အချိန်ကာလတွေ ဘယ်လောက်ပဲ စောင့်ဆိုင်းရ စောင့်ဆိုင်းရ၊ ဘယ်လောက်တောင်ပဲ ခက်ခဲ၊ ခက်ခဲ၊ အဲဒီ ရေဆန် လေဆန် ခရီးကြမ်းကြီးကို မဖြိုးဖြိုးအောင်တို့လို လူငယ် မျိုးဆက်ခေါင်းဆောင်တွေက အဆင့်ဆင့်လက်ဆင့်ကမ်းပြီး အများအကျိုးအတွက် အမှန် တရားမီးတိုင်ကို ဆက်လက်ထွန်းညှိ သယ်ဆောင်သွားလိမ့်မယ်လို့ ကျနော်တို့ လေးလေး နက်နက် ယုံကြည်ကြပါတယ်။

အဲဒီလို ရိုးစင်းလှတဲ့ယုံကြည်မှုနဲ့အတူ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် ကို ၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မဖြိုးဖြိုးအောင်အပါအဝင် ကျောင်းသား၊ ကျောင်းသူများ၊ ဝန်းရံပြည်သူများကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ပြည်သူ့ဂုဏ် ရည်အသင်းကတောင်းဆိုလိုက်ပါတယ်။

တနေ့နေ့၊ တချိန်ချိန်မှာတော့ ကျနော်တို့ရဲ့  မြန်မာနိုင်ငံကြီးဟာ အေးချမ်းသာ ယာပြီး တရားမျှတ၊ လွတ်လပ်မှုတွေနဲ့ ပြည့်စုံကြွယ်ဝလာလိမ့်မယ်ဆိုတဲ့ ပြည်သူအများရဲ့  မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ အဓိပ္ပါယ်ရှိရှိ ဆက်လက်ရှင်သန် နေအောင် ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ ရဟန်း ရှင်လူ ပြည်သူအပေါင်းကို ပြည်သူ့ ဂုဏ်ရည်အသင်းက ဦးညွတ်လိုက်ပါတယ်။ ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

“၂ဝ၁၅ ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် ဒေါက်တာနန္ဒဝင်း”…

တန်ဖိုးသင့်ညစာ လပြည့်လကွယ်အခမဲ့ဇီဝိတဒါနဆေးကုခန်း …

မရှိ၍မလင်းသူမရှိစေရ(အတွင်းတိမ်လူနာများခွဲစိတ်ကုသပေးခြင်း)…

ဘောင်းဘီဝတ်ကနေ ပုဆိုးဝတ်ကိုပြောင်း၊ ခေါင်းစဉ်တွေ အမည်တွေ မူတွေ အ မျိုးမျိုးပြောင်းပေမဲ့လည်း လူတွေရဲ့စိတ်တွေက မပြောင်းသေးတော့ ထင်သလောက် ခရီးမ ပေါက်ဖြစ်နေရတဲ့ မြန်မာနိုင်ငံရဲ့ လက်တွေ့မကျတဲ့ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်အောက်မှာ လက်တွေ့ကျကျဒုက္ခခံစားနေရတာကတော့ သာမန်ပြည်သူတွေပါ။

မြန်မာနိုင်ငံရဲ့ လက်တွေ့ကျကျ ပြုပြင်ပြောင်းလည်းရေး လုပ်ငန်းတွေမှာ လုပ်ပိုင် ခွင့်ကို စေတနာနဲ့ပေါင်းစပ်ပြီး ပြည်သူ့အတွက် မှန်မှန်ကန်ကန်နဲ့ အကျိုးရှိအောင် အသုံးပြု ဆောင်ရွက်မယ့်သူတွေ များစွာလိုအပ်ပါတယ်။

မြန်မာတနိုင်ငံလုံးမှာ လုပ်ပိုင်ခွင့်တွေရရှိထားတဲ့သူတွေ များစွာရှိပါတယ်။ ဒါပေ မယ့် လုပ်ပိုင်ခွင့်ကို စေတနာနဲ့ ပေါင်းစပ်ပြီး ပြည်သူ့အတွက် မှန်မှန်ကန်ကန်နဲ့ အကျိုးရှိ အောင် အသုံးပြုဆောင်ရွက်နေတဲ့ သူ့လိုလူတွေကတော့ လက်ချိုးရေ လို့ရပါတယ်။

သူ့ရဲ့ မွန်မြတ်သန့်စင်တဲ့ စေတနာနဲ့ ဆောင်ရွက်မှုတွေထဲက ထင်ရှားတာတွေ ကတော့ -

၁) တန်ဖိုးသင့်ညစာ

၂) လပြည့်လကွယ်အခမဲ့ဇီဝိတဒါနဆေးကုခန်း

၃) မရှိ၍မလင်းသူ မရှိစေရ (အတွင်းတိမ်လူနာများခွဲစိတ်ကုသပေးခြင်း) တို့ဖြစ်ပါတယ်။

တန်ဖိုးသင့်ညစာ” ကတော့ ၁၃၇၇(၂ဝ၁၅) နှစ်ဆန်းတစ်ရက်နေ့ကမှစတာပါ။

အင်္ဂပူမြို့ကလေးမှာ ဆင်းရဲနွမ်းပါးပြည်သူများအတွက် အဓိကရည်စူးပြီး စခဲ့တဲ့ အစီအစဉ်ပါ။

ထမင်းတွေ သီးစုံပဲဟင်းတွေ ဝက်သားတွေ ကြက်သားတွေချက် ဆိုက်ကားပေါ်တင် စေတ နာ့ဝန်ထမ်းများက နွမ်းပါးတဲ့ ရပ်ကွက်တွေထဲကို တွန်းသွားပြီး “ထမင်းနှင့်သီးစုံပဲဟင်းဆို နှစ်ရာကျပ်၊ ထမင်းနှင့်ဝက်သားဟင်းဆို သုံးရာကျပ်၊ ထမင်းနှင့်ကြက်သားဟင်းဆို ငါးရာကျပ်” အသီးသီး ရောင်းချပေးတဲ့ အစီအစဉ်ပါ။ ဒီအစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က တစ်နေ့တာ အလုပ်ပြီးလို့ ပင်ပန်းနွမ်းနယ်နေကြတဲ့ တစ်နေ့လုပ်တစ်နေ့စား ဆင်းရဲနွမ်းပါးသူ တွေနဲ့ သူတို့ရဲ့မိသားစုတွေ၊ သူတို့ရဲ့ညနေစာကို အာဟာရတန်ဖိုး ပြည့်ပြည့်နှင့် စားသောက် နိုင်စေရေးပဲ ဖြစ်ပါတယ်။ ချက်ပြုတ်ရာမှာ သန့်ရှင်း လတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပါဝင်ပစ္စည်းများအပြင် နောက်ထပ် ပိုအရေးအကြီးတာက Food Safety လို့ခေါ် တဲ့ “အစားအစာကို ကူးစက်ရောဂါကင်းပြီး သန့်ရှင်းတဲ့ ပြင်ဆင်ချက်ပြုတ်မှု” ပဲဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ ဘာကြောင့်ရောင်းရလဲ ဆိုတော့

(၁) ငွေရင်းမပျောက် ရေရှည်လုပ်နိုင်ဘို့။

(၂) စားသုံးသူတွေမှာ (ပိုက်ဆံပေးဝယ်စားတာ အလကားစားတာ မဟုတ်ဘူး)ဆိုတဲ့ ဂုဏ်ရှိစေဘို့ ။

(၃) လုပ်ငန်းအရောင်းသွက်လာရင် လုပ်ကိုင်သူ စေတနာ လုပ်အားရှင်တွေအတွက် အထောက်အပံ့ဖြစ်စေဘို့တို့ဖြစ်ပါတယ်။

(ကြက်သား၊ ဝက်သားကို “နွမ်းပါးသူတွေရဲ့ မျှော်လင့်ချက်” အဖြစ်သာ ရောင်းချပေးနေ တာပါ။ သုံးရာ ငါးရာဆိုတာ (သူတို့အဆိုအရ ထင်းဖိုးသာသာ ပဲရှိပါတယ်။) တကယ်တော့ မမြတ်ပါဘူး။ ရှုံးပါတယ်။ တကယ်လို့ သီးစုံပဲဟင်း တစ်မျိုးတည်း ထမင်းနှင့်ရောင်းလို့ ကတော့ နှစ်သောင်းရင်းရင် ငါးထောင် သေချာမြတ်ပါတယ်။ ခုတော့ သီးစုံဟင်းအမြတ်က ကြက်သား ဝက်သား အတွက် မျှခံပေးနေရလို့ အမြတ်နည်းနေတာ ဖြစ်ပါတယ်။)

ဒီအစီအစဉ်ဟာ ဆင်းရဲနွမ်းပါးပြည်သူတွေကိုသာ အကျိုးတိုက်ရိုက်ပြုပေမယ့် မြန် မာပြည်တစ်ပြည်လုံး မည်သူမဆိုလိုက်ပါ လုပ်ဆောင်နိုင်တဲ့ ပြည်သူ့အကျိုး ပြုလုပ်ငန်းလေး အဖြစ် စံပြနမူနာဖြစ်ခဲ့ပါတယ်။ လိုက်ပါလုပ်ဆောင်လိုသူများ အားလည်း ရှေ့ဆောင်လမ်းပြ ကူညီပေးခြင်း၊ လက်တွဲခေါ်ခြင်းအားဖြင့် နွမ်းပါးသူ ပြည်သူတို့အတွက် အားထားစရာ အစီ အစဉ်လေးတစ်ခု အသစ်ပေါ်ထွက်လာနိုင်ခဲ့ပါတယ်။

လပြည့်လကွယ်အခမဲ့ဇီဝိတဒါနဆေးကုခန်း” ကို သူ အင်္ဂပူမြို့သို့မရောက်ခင် မိုးညိုမြို့နယ်မှာကတည်းက(၂ဝ၁၁ခု)မှာဖွင့်လှစ်ခဲ့တာပါ။ ယနေ့တိုင်လည်း မိုးညိုမြို့မှာ မြို့ ကျက်သရေဆောင် ဆေးခန်းလေးအဖြစ် ပြည်သူများက ဆက်လက်ထိန်းသိမ်းထားကြပါ တယ်။ အင်္ဂပူမှာတော့ ၂ဝ၁၂ အောက်တိုဘာက စတင်ခဲ့ကာ ယနေ့အထိ အပတ်စဉ် လူနာ (၂ဝဝ)နီးပါးကို အခမဲ့ဆေးဝါးများ အလုံအလောက်ထုတ်ပေးခြင်းအားဖြင့် ကူညီနေပါတယ်။ စံပြလုပ်ရပ်တစ်ခု အဖြစ်သတ်မှတ်ခံရပြီး အခြားသောမြို့နယ်များ ဒေသများကလည်း လိုက် ပါ လုပ်ဆောင်မှုများရှိခဲ့ပါတယ်။

“မရှိ၍မလင်းသူ မရှိစေရ” အစီအစဉ်ဖြင့် အင်္ဂပူနှင့်ထိစပ်နယ်မြေအားလုံးက အတွင်းတိမ်လူနာများကို စည်းရုံးပြီး မျက်စိဆရာဝန်ကြီးများအား ပင့်ဖိတ်ခွဲစိတ်ခြင်း၊ ရန်ကုန် သို့နိုင်ငံခြားမှ ဆရာဝန်ကြီးများ ရောက်လာလျှင် သွားရောက် ပြသ ခွဲစိတ်စေခြင်းအားဖြင့် ၂ဝ၁၂မှ ၂ဝ၁၅ အထိ အတွင်းတိမ်လူနာပေါင်း တစ်ထောင်(၁ဝဝဝ)ကျော်ကို အလင်းရအောင် အလှူရှင်များနဲ့ သူ့ရဲ့ သူငယ်ချင်းမိတ်ဆွေများကို စည်းရုံးပြီး ဆောင်ရွက်နိုင် ခဲ့ပါတယ်။

သူ့လုပ်ရပ်တွေဟာ သူတာဝန်ကျတဲ့ နေရာပတ်ဝန်းကျင်ကိုဘဲသက်ရောက် စေ တယ်ဆိုပေမယ့်…

မည်သူမဆို “အထူးသဖြင့် လုပ်ပိုင်ခွင့်ရှိသူ မည်သူမဆို” ပြည်သူ့အကျိုးပြုနယ် ပယ်အသီးသီးမှာ သူလို ပရဟိတစိတ်နှင့် ရိုးသားစွာ ကြိုးစားဆောင်ရွက်လျှင် သူ့လို အောင် မြင်နိုင်ပါတယ်။ သူဟာ စာပေရေးသားနေသူတစ်ဦးလည်းဖြစ်ပြီး သူ့ဆောင်းပါးများတွင် သူ တွေ့ကြုံ လုပ်ကိုင်နေသော ပြည်သူ့အကျိုးပြုနယ်ပယ် အသီးသီးက ပရဟိတလုပ်ငန်းများနှင့် အကျိုးသက်ရောက်မှုများကို ပြည်သူသို့ တင်ပြကာ ပရဟိတလမ်းကြောင်းသစ်များ ပေါ် ထွက်နိုင်ရန် လမ်းပြနေသူ တစ်ဦးလည်းဖြစ်ပါတယ်။

ပရဟိတစိတ်နဲ့ တနိုင်တပိုင်နဲ့စခဲ့ခြင်း၊ ကျယ်ပြန့်ထိရောက်အောင်မြင်ပြီးစီး အောင် ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံသားများအတွက် စံပြဖြစ်စေခြင်း၊ စတဲ့ ပြည်သူ့ဂုဏ်ရည်ရဲ့ စံများနဲ့ ကိုက်ညီတဲ့အတွက် “၂ဝ၁၅ ခု ပြည်သူ့ဂုဏ်ရည် အထူးဆုရှင်” အဖြစ် “ဒေါက်တာ နန္ဒဝင်း”ကို ဂုဏ်ပြုလိုက်ပါတယ်။ ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

“၂ဝ၁၅ ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် ကိုဇော်ဇော်” - မန္တလေးစာကြည့်တိုက်

( တပိုင်တနိုင် အခမဲ့စာကြည်တိုက်ဖွင့်လှစ်သူ )

မြန်မာပြည်မှာ လူများစုကြီးရဲ့လူမှုဘ၀တွေ ဆိုးဆိုးဝါးဝါးနိမ့်ပါးကျ ဆင်းနေတာ ကြောင့် မြန်မာနိုင်ငံသားတိုင်း စိတ်မချမ်းမြေ့ဖြစ်နေကြရပါတယ်။

ဒါကြောင့်လည်း ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ကြတဲ့ ပရဟိတသမားများ ဟာ မြန်မာ့လူဘောင်တစ်ခုလုံး ပျက်သုဉ်းရမယ့်အခြေအနေကို ဖေးမကယ်တင် ထိန်းသိမ်း နိုင်ဖို့အတွက် နယ်ပယ်စုံမှာကြိုးစားလုပ်ဆောင်နေကြပါတယ်။

သို့သော်လည်း တနိုင်ငံလုံးပြန်လည်ကောင်းမွန်တိုးတက်လာအောင် လုပ်နိုင်ဖို့အ တွက်ကတော့ နေရာတိုင်းမှာလိုအပ်ချက်တွေ အလွန်ပဲကြီးမားလွန်းလှပါတယ်။

နိမ့်ပါးနေတဲ့မြန်မာ့လူ့ဘောင်ကို မြှင့်တင်ဖို့ ဘာလုပ်ရမယ်ဆိုတာကို သိလည်း သိပြီးတော့ အများအတွက် ကိုယ်ကျိုးစွန့်ပြီး လက်တွေ့လုပ်ဆောင် နေသူတစ်ဦးကတော့ ကိုဇော်ဇော်ဆိုတဲ့ တပိုင်တနိုင် အခမဲ့စာကြည့်တိုက်များ တည်ထောင်သူ လူငယ်တစ်ဦးဖြစ် ပါတယ်။

မြန်မာပြည်မှာ လူငယ်အများစုကြီးက အလုပ်လက်မဲ့ဘ၀နဲ့ယောင်ချာချာဖြစ်နေ ကြရပါတယ်။ ပြည်တွင်းမှာရတဲ့အလုပ်က ၀မ်းမ၀ ခါးမလှနဲ့ လူစဉ်မမီ တဲ့ဝင်ငွေကြောင့် တိုင်းတပါးမှာ ကြုံရာကျပန်းဘ၀နဲ့ အလုပ်သွားလုပ်ကြရတဲ့လူ ငယ်တွေရှိသလို အပျော်အပါး တွေ၊ အရက်နဲ့မူးယစ်ဆေးတွေသုံးစွဲပြီး ပရမ်းပတာဖြစ်နေတဲ့လူငယ်တွေလည်း အများအ ပြားရှိနေကြပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အများစုလူငယ်တွေလို မျောပါမသွားဘဲ ရိုးသားကြိုးစားပြီး ဘ၀ကို ကိုယ်တိုင် မှန်မှန်ကန်ကန် ရုန်းကန်ရပ်တည်နေသူက လူငယ်လေး ကိုဇော်ဇော် ဖြစ်ပါတယ်။

မိမိဘ၀ရပ်တည်ရှင်သန်ရေး မိမိဘ၀အောင်မြင်ရေးကိုသာမက မိမိပတ်ဝန်းကျင် မိမိတိုင်းပြည်ရဲ့ ကောင်းကျိုးကိုပါ လုပ်ဆောင်ရမယ်ဆိုတဲ့ အသိတရားကိုလည်း စာပေဖတ် တဲ့အကျိုးတရားကြောင့် ရရှိခဲ့တယ်လို့ သူကရှင်းပြပါတယ်။

နိမ့်ပါးနေတဲ့မြန်မာ့လူ့ဘောင်ကိုမြှင့်တင်ဖို့ လုပ်ဆောင်စရာအလုပ်က မြန်မာ့လူ့ ဘောင်ထဲက လူတွေကို အသိဉာဏ်မြင့်မားအောင် လုပ်ပေးဖို့ပဲဖြစ်တယ်လို့ ကိုဇော်ဇော်က မြင်ခဲ့ပါတယ်။ သူကိုယ်တိုင်က စာဖတ်ဝါသနာပါပြီး စာအုပ်တွေဖတ်လို့ အသိဉာဏ်တိုး တယ်။ ဒါကြောင့် လူငယ်တွေ စာဖတ်စေချင်တယ်။ လူငယ်တွေအသိဉာဏ်တိုးမှ တိုင်းပြည် အနာဂတ်ကောင်းမယ်လို့ သူယုံကြည်ပါတယ်။ စာကြည့်တိုက်တစ်ခုဟာ လူတစ်ယောက် လာရောက်သုံးစွဲ ဖို့ သတ်မှတ်ချက်တွေများနေရင် စာဖတ်ချင်တဲ့သူတွေ လျော့ကျလာမယ်၊ အဲဒီ လိုစာကြည့်တိုက်မျိုးဟာ အောင်မြင်တဲ့စာကြည့်တိုက် ဖြစ်မလာနိုင်ဘူး၊ စာကြည့် တိုက်မှူးဟာ စာပေကိုတကယ်ချစ်တဲ့သူဖြစ်ရမယ်လို့လည်း သူယုံကြည်ပါတယ်။

ဒီလိုယုံကြည်ချက်တွေနဲ့ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကတောအုပ် စု ဆီသာကျေးရွာကနေ ရန်ကုန်မြို့ကြီးဆီကို ကိုဇော်ဇော်ရောက်လာခဲ့ပါတယ်။

ဒီလိုခေတ်ကြီးမှာ လူငယ်လေးတစ်ဦးက သူ့ဝမ်းစာသူရှာစားရင်းနဲ့ စာကြည့်တိုက် တစ်ခု အောင်မြင်အောင်တည်ထောင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကိုတော့ ရန်ကုန်တိုင်း လှိုင် မြို့နယ် နဲ့ မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်တို့မှာ ၂၀၀၇ ခုနှစ်ကတည်းက စာကြည့်တိုက် (၂) ခုကို တည်ထောင်ပြီး ကိုဇော်ဇော်က အခိုင်အမာသက်သေထူပြခဲ့ပါ တယ်။

၂၀၀၇ ခုနှစ်မှာ အသက် ၂၀ ကျော်သာရှိပြီး အခြေခံပညာရေးကိုသာ သင်ကြားခဲ့ ရတဲ့ ကိုဇော်ဇော်ဟာ ရောက်တဲ့အရပ်မှာ အောက်ခြေသိမ်းအလုပ် တွေလုပ်ရင်း ရပ်တည်မှု တစ်ခုရအောင် ခက်ခဲပင်ပန်းစွာကြိုးစားခဲ့ရပါတယ်။ အလုပ်လုပ်လို့ရတဲ့ဝင်ငွေထဲက ထက် ၀က်ကို အခမဲ့စာကြည့်တိုက်အတွက် လှူဒါန်းသုံးစွဲနေတာဖြစ်ပါတယ်။

သူတည်ထောင်တဲ့စာကြည့်တိုက်မှာ ကလေး လူငယ် လူကြီးအားလုံး ရွေးဖတ်နိုင် တဲ့ ကာတွန်း စာစောင် သုတ ရသ နဲ့ သမိုင်းမှတ်တမ်းဆိုင်ရာ ပညာရပ်ဆိုင်ရာစာအုပ်များ အစုံအလင်တွေ့ရပါတယ်။

မုန့်ဖိုးပေးပြီးစာဖတ်ခိုင်းတဲ့ စာကြည့်တိုက်၊ စာလာဖတ်ရင် အခမဲ့ဂီ တာငှားပေးတဲ့ စာကြည့်တိုက်၊ အခမဲ့ဖတ်ရတဲ့စာအုပ်ကို ဖုန်းဆက်လိုက်ရင် အခမဲ့လာပို့ပေးတဲ့စာကြည့် တိုက်၊ စာအုပ်ပိုင်ရှင်မရှိဘဲ ဘယ်သူမဆိုကြိုက်တာကိုရွေးယူ ငှားယူဖတ်ရှုနိုင်တဲ့စာကြည့် တိုက်၊ အဲဒီလိုဂုဏ်ပုဒ်တွေဟာ ကိုဇော်ဇော်ရဲ့စာကြည့်တိုက်ဂုဏ်ပုဒ်တွေဖြစ်ပါတယ်။

ချမ်းသာလို့မဟုတ်ဘဲ တ၀မ်းတခါးရှာစားရင်း နေ့စဉ်ငါးကင်ရောင်းပြီး ရတဲ့အမြတ် ငွေထဲက ထက်ဝက်ကို အခမဲ့စာကြည့်တိုက်အတွက်လှူဒါန်းသုံးစွဲခြင်း၊ မိမိတကိုယ်ရေအ တွက်ချွေတာပြီး ဈေးအပေါဆုံးဖိနပ်ကိုစီး စက်ဘီးပေါ် စာအုပ်တွေတင်တွန်းပြီး အိမ်တိုင်ရာ ရောက် အခမဲ့စာအုပ်ငှားခြင်း၊ ကိုယ်တိုင်က စာပေကိုချစ်မြတ်နိုးပြီး စာအုပ်ပျောက်သွားတဲ့အ ချိန်တွေမှာ နှမျောတတ်သော်လည်း စာဖတ်ချင်သူလက်ထဲကို စာအုပ်ရောက်သွားတာပဲဆို တဲ့အတွေးနဲ့ ၀မ်းသာနေတတ်ခြင်းတွေဟာ စာကြည့်တိုက်တည်ထောင်သူ ကိုဇော်ဇော်ရဲ့ ဂုဏ်ပုဒ်တွေဖြစ်ပါတယ်။

စာအုပ်တွေပျောက်တိုင်း စာကြည့်တိုက်ပိတ်ပစ်ရင် သူ့ရဲ့စာကြည့် တိုက်ဖွင့်တဲ့ရည် ရွယ်ချက်ပြည့်မှာမဟုတ်ဘူး၊ အလိမ္မာစာမှာရှိတယ်ဆိုတဲ့အတိုင်း စာဖတ်ရင်အသိအလိမ္မာ ရပြီး အရိုင်းစိတ်တွေပျောက်နိုင်တယ်၊ ဘွဲ့ရတိုင်းလည်း ပညာတတ်မဟုတ်သေးဘူး၊ ဘွဲ့ရတဲ့ သူတွေလည်း စာပေများများဖတ်မှ စာပေနဲ့လက်တွေ့ပေါင်းစပ်လုပ်မှ တိုးတက်မယ် ဆိုတာ တွေက ကိုဇော်ဇော်ကိုင်စွဲထားတဲ့ သဘောတရားတွေဖြစ်ပါတယ်။

အခုဆိုရင် လူတွေနေထိုင်တဲ့အနီးဆုံးမှာရှိပြီး အခကြေးငွေမပေးရတဲ့၊ မှတ်ပုံတင် လည်းမစစ်တဲ့ စာကြည့်တိုက်လေးမှာ လူကြီးလူငယ်အရွယ်မရွေး လွတ်လွတ်လပ်လပ် လွယ်လွယ်ကူကူနဲ့ စာအုပ်ငှားဖတ်နေကြပါပြီ။

ကိုဇော်ဇော်ကတော့ ဒီလိုစာကြည့်တိုက်တွေကို တနိုင်ငံလုံးဖွင့်ချင်တယ်။ စာဖတ် ရင်း စာကြည့်တိုက်လေးတွေဖွင့်ရင်း အေးအေးချမ်းချမ်းနဲ့ နေချင်ပါတယ်လို့ပြောပါတယ်။

ဒီလူငယ်ရဲ့လုပ်ဆောင်မှုများက မြန်မာ့လူ့ဘောင် ပြန်လည်တိုးတက် ကောင်းမွန် လာရေးအတွက် မြန်မာ့လူ့ဘောင်ထဲကလူတွေကို အသိဉာဏ်မြင့်မားအောင် လုပ်ပေးဖို့ အဓိကလုပ်ဆောင်စရာတစ်ခုကို မီးမောင်းထိုးပြရာလည်းရောက်ပါတယ်။ ဒီနေ့မြန်မာလူငယ် တွေဟာ ကိုဇော်ဇော်လို လက်ရှိအခြေအနေပေါ်မှာ မိမိဘ၀ရပ်တည်ရှင်သန်ရေး မိမိဘ၀ အောင်မြင်ရေးကိုသာမက မိမိပတ်ဝန်းကျင် မိမိတိုင်းပြည်ရဲ့ကောင်းကျိုးကိုပါ တီထွင်ကြံဆ လုပ်ဆောင်နိုင်တယ်ဆိုတာကို သက်သေပြနေခြင်းလည်းဖြစ်ပါတယ်။

ဒီလိုဆိုးဝါးနိမ့်ပါးနေတဲ့လူ့ဘောင်ထဲက ရိုးသားကြိုးစားပြီး မှန်မှန်ကန်ကန် စွန့်စွန့် စားစား ဘ၀ကိုရင်ဆိုင်တဲ့ လူငယ်မျိုးဆက်တွေ မြန်မာပြည်အနှံ့ပေါ်ပေါက်လာရင် ကောင်း မွန်တိုးတက်တဲ့ မြန်မာ့လူ့ဘောင်တစ်ခု ပြန်လည်ဖြစ်ထွန်းလာမယ်ဆိုတဲ့ အားတက်ဖွယ် ဂုဏ်ယူဖွယ် မျှော်လင့်ချက် ယုံကြည်ချက်များကိုလည်း ဖော်ပြနေတာဖြစ်ပါတယ်။

စာအုပ်စာပေလူ့မိတ်ဆွေ၊ တပိုင်တနိုင် အခမဲ့စာကြည့်တိုက် တည်ထောင်သူ ကိုဇော်ဇော်သည် စာပေချစ်သူများရဲ့မိတ်ဆွေ၊ ကိုဇော်ဇော်ဟာ မြန်မာလူငယ်တွေအတွက် စံပြဖြစ်ပါတယ်။

ဒါကြောင့် ကိုဇော်ဇော်ကို ပြည်ပရောက် မြန်မာတိုင်းရင်းသားမိသားစုများရဲ့ ၂၀၁၅ ခုနှစ် ပြည်သူ့ဂုဏ်ရည်အထူးဆုနဲ့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုလိုက်ပါတယ်။  ။

 


 

 


Last modified on Monday, 22 June 2015 01:50
You are here: Home “၂ဝ၁၅ ခု ပြည်သူ့ဂုဏ်ရည်ဆု ကြေညာဂုဏ်ပြုပွဲ” ဇွန်လ ၇ ရက်၊ ၂ဝ၁၅ ခု ယူတီကာမြို့တွင် ပြည်သူ့ဂုဏ်ရည်အသင်းက ပြောတဲ့ ဆုရှင်တို့အကြောင်း