အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ဒေါက်တာဇော်မင်းဦး + ဒေါ်မြတ်မြတ်ခိုင်၊ ဒေါ်ကြူကြူဝင်း၊ ဒေါ်မူမူဝင်း၊ ဦးဇော်မြင့်ဝင်း + ဒေါ်လှရွှေ၊ ကိုဝေလဝင်း...
☮ ၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက် ☮
၂ဝ၁၇ ခု အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရေးဆိုင်ရာ ထုတ်ပြန်ကြေညာချက်။ ။ ကြေညာချက်အမှတ် ( ၂/၂ဝ၁၇ ) ရက်စွဲ - ၂၀၁၇ ခုနှစ် မေလ ၁ ရက်...
အဋ္ဌမအကြိမ်မြောက်  ပြည်သူ့ဂုဏ်ရည်ဆု  ကြေညာပွဲ အခမ်းအနား
အဋ္ဌမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကြေညာပွဲ အခမ်းအနား ကော်လိုရာဒိုပြည်နယ်၊ အမေရိကန်ပြည်ထောင်စု ၂၀၁၇ ခုဧပြီလ ၂၈ တနင်္ဂနွေနေ့၊ နံနက် ၁၁း၀၀...
☮ အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇)၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက် ☮
အပြည်ပြည်ဆိုင်ရာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ပြည်သူ့ဂုဏ်ရည် ကြေညာချက်အမှတ် (၁/၂ဝ၁၇) နေ့စွဲ - ၂ဝ၁၇ ခုနှစ် မတ်လ (၁၅) ရက်   မြန်မာပြည်တွင်း၌...
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ
ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်တို့ ဟောပြောမည့် စာပေဟောပြောပွဲဖိတ်ကြားစာ ဒေါ်ခင်မမမျိုး (ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်) နှင့် ကိုဇော်ဇော်...
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင်
အွန်လိုင်း(Online) မှာ ဈေးဝယ်ရင်း မြန်မာပြည်အတွက် ကူညီနိုင် အမေဇုန်အွန်လိုင်း(Amazon Online) ၏ အမေဇုန် စမိုင်း (Amazon Smile) အစီအစဉ်မှာ ဈေးဝယ်ရင်း...
အထူးဝမ်းနည်းကြေကွဲခြင်း
အထူးဝမ်းနည်းကြေကွဲခြင်း ၂၀၁၇ ခု ဇန်နဝါရီလ၂၉ ရက်၊ တနင်္ဂနွေနေ့ ညနေ ၅ နာရီခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေ နတ်သမား တစ်ဦး၏...
အထူးဝမ်းနည်းကြေကွဲခြင်း
ဝမ်းနည်းကြောင်း သဝဏ်လွှာ... ၂၀၁၂ ခုနစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် လဖိုင်နော်မိန်း(Kachin Land News) သည် စက်တင်ဘာလ ၂၃ ရက်နေ့ည ၁၀ နာရီတွင် မိုင်ဂျာယန်၌...
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ နောင်ထောဝ် ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮
☮ ပြည်သူ့ဂုဏ်ရည်အသင်းမှ ပရဟိတဘော်ဒါဆောင်ရှိခလေးများအတွက် လှူဒါန်း(ဇွန် ၁၈/၂ဝ၁၆) ☮ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ကယားပြည်နယ်အစပ်မှာ...
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ RFA သတင်း
☮၂ဝ၁၆ ခု သတ္တမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ ☮ နေ့ရက် ။ ။ ၂ဝ၁၆ ခုနှစ် မေလ ၂၈ ရက် (စနေနေ့) အချိန် ။ ။ ညနေ ၄...
Friday, 01 March 2013 22:13

မငြိမ်းချမ်းသော ဒေသများအတွက် ငြိမ်းချမ်းရေးခရီးစဉ်

Written by  သန်းမြင့်အောင်

557773 10151219433483827 1169174262 n

ကျွန်မတို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူမှုရေးအကျိုးဆောင် မောင်နှမ သုံးဦး အောက်တိုဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၈ ရက်အထိ ရက်ပေါင်း ၄၀ ကြာ အမေရိကား ခရီးစဉ်ကလေးက အမှတ်တရပါပဲ။ နိုင်ငံကျော်များဖြစ်ကြတဲ့ တေးရေး/တေးဆို မဇ္ဈိမ ဦးရဲလွင်၊ တေးရေး/တေးဆို ဆောင်းဦးလှိုင်နဲ့အတူ ကျွန်မကို ဖိတ်ကြားတဲ့သူတွေကတော့ “မြန်မာနိုင်ငံသားချင်း ရိုင်းပင်းကူညီ .. ပြည်သူ့ဂုဏ်ရည်” အမည်ခံထားတဲ့ အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါပဲ။
 ပြည်သူ့ဂုဏ်ရည်အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းမှာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရွက်နေတဲ့ လူမှုရေးသမားတွေကို ဂုဏ်ပြုပြီး ဆုပေးတဲ့အဖွဲ့ပါ။ ယခု ကျွန်မတို့ကို ဖိတ်ကြားတာကတော့ ကချင်ဒေသနဲ့ ရခိုင်ဒေသများမှာ ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းရေးပျက်သုဉ်းမှုကြောင့် လူမှုဒုက္ခတွေ ခံစားနေကြရတဲ့ တိုင်းရင်းသားပြည်သူလူထုကို တတပ်တအား ကူညီဖေးမနိုင်ဖို့ ရန်ပုံငွေ ရှာဖွေရေးအတွက်ပါ။
 ပြည်တွင်းမှာ လူမှုရေး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကျွန်မတို့ ၃ ဦးကို ပြည်ပက မြန်မာများအနေနဲ့ ဖိတ်ကြားတာဟာ ကျွန်မတို့ကို အမေရိကန်နိုင်ငံကို ရောက်စေချင်ကြတဲ့ စေတနာနဲ့အတူ မြန်မာပရိသတ်ကို ဟောပြောပွဲနားထောင်စေချင်တာရော၊ လှူဒါန်းကြတဲ့ ရန်ပုံငွေများကို ကချင်နဲ့ ရခိုင်ဒေသမှာရှိတဲ့ ဒုက္ခရောက်နေကြသူတွေကို လှူဒါန်းကူညီစေချင်တာရော အားလုံးကို တပြိုင်တည်း ဆောင်ရွက်လိုက်ကြခြင်းပါပဲ။
 ကျွန်မအနေနဲ့ကတော့ အမေရိကန်နိုင်ငံကို တခါမှ မရောက်ဖူးတဲ့အတွက်ရော၊ ကျွန်မ ချစ်မြတ်နိုးတဲ့ အပေါင်းအသင်း ဆရာသမား၊ ညီအစ်ကို မောင်နှမများနဲ့ပါ တွေ့ချင်နေတာမို့ ရှေ့မှာလည်း ကြည်နူးဝမ်းသာ၊ ရက်ရှည်ကြီးမို့ နောက်ပိုင်းလည်း တွေးပူနဲ့ စိတ်လှုပ်ရှားနေရတဲ့ကြားထဲမှာ ကျွန်မတို့သွားတဲ့ ပထမပတ်ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် နယူးရော့ခ်မြို့မှာကြုံရတဲ့ စန္ဒီမုန်တိုင်းနဲ့ ၂၀၀၈ ခုနှစ် ကျွန်မတို့မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ နာဂစ်မုန်တိုင်းကို နှိုင်းယှဉ်ကြည့်မိတဲ့ အတွေ့အကြုံတစ်ခုကို ဖြတ်သန်းရတာဟာလည်း မှတ်သားလောက်စရာပါပဲ။
 လေမုန်တိုင်းရဲ့ ဦးတည်ရာလမ်းကြောင်းတွေကို နေ့ညမပြတ် ပြသနေတဲ့ အမေရိကန်နိုင်ငံ ရုပ်မြင်သံကြားအစီအစဉ်ကိုကြည့်ရင်း ဦးရဲလွင်နဲ့ ဆောင်းဦးလှိုင်က ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ကိုဝေလအိမ်နှင့် ကျွန်မက ညီမလေး မူမူအိမ်ထဲကနေ မုန်တိုင်းကို သက်သက်သာသာပဲ ဖြတ်သန်းခဲ့ကြပါတယ်။ မုန်တိုင်းသတိပေးချက်ကြောင့် နယူးရော့ခ်မြို့ရဲ့ ဟောပြောပွဲ ၂၈.၁၀.၂၀၁၂ နေ့ဟာ ပြည်သူ့ဂုဏ်ရည်အဖွဲ့သူ အဖွဲ့သားတွေနဲ့ မြန်မာအစားအစာ ရောင်းချပြီး ရန်ပုံငွေရှာဖို့ ချက်ပြုတ်စီစဉ်ထားတဲ့ မြန်မာမိသားစုတွေနဲ့ စာပေ၀ါသနာကြီးသူ အချို့ပဲ ရောက်လာနိုင်ကြပါတယ်။ မော်တော်ကားလမ်းတွေ၊ စတိုးဆိုင်တွေ၊ ကျောင်းတွေ၊ အလုပ်တွေပိတ်ပြီး လူတွေ အန္တရာယ်ကင်းစေဖို့ စီစဉ်ထားတဲ့ကာလမို့ ဒီပွဲမှာ အားခဲထားသလောက် မနွှဲဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မုန့်ရောင်းပြီး ရန်ပုံငွေရှာကြတဲ့ မြန်မာမိသားစုတွေထဲမှာ ကျွန်မ အနှစ်သက်ဆုံး အစားအစာတွေကတော့ ညီမလေးမူမူရဲ့ ထောပတ်ထမင်း၊ ငါးပိကြော်၊ ကြက်သားနဲ့ ဆရာမောင်စွမ်းရည်တို့ ဇနီးမောင်နှံရဲ့ ကောက်ညၟင်းပေါင်းပါပဲ။ ကျွန်မတို့ချစ်တဲ့ ဆရာစွမ်းလည်း ကောက်ညၟင်းပေါင်းသည် ဖြစ်လို့နေပါတယ်။
 သည်ပွဲမတိုင်ခင် ၂၄.၁၀.၁၂ မှာ ကိုဝေလ၊ ကိုတင်မောင်အေးနှင့်အဖွဲ့ စီစဉ်တဲ့ New York University မှ ဆွေးနွေးပွဲကတော့ မိတ်ဆွေတွေ ကျောင်းသားတွေနှင့် အေးအေးဆေးဆေး တွေ့ခွင့်ရပြီး ညစာအတူ စားဖြစ်ခဲ့ကြပါတယ်။ နယူးရော့ခ်မှာ တွေ့ရတဲ့ ကိုလှသန်း+မစန္ဒာ၊ ကိုမြစိုး၊ ကိုဝင်းဆိုင်၊ ကိုမျိုးတို့မိသားစု၊ စန္ဒရား ကိုအောင်ဝင်း၊ ကိုဌေးမင်းလှိုင်+မစန္ဒာ၊ မမေသီခ၊ မမြတ်မွန်ခ တို့ ညီအစ်မနှင့် မချောစု အပါအ၀င် မြန်မာမိသားစုတို့ရဲ့ နွေးထွေးမှုများကတော့ တသက် မမေ့နိုင်စရာပါပဲ။
 အဝေးရောက် မြန်မာမိသားစုများအကြောင်း ပြောလျှင်တော့ လွမ်းလို့ဆုံးနိုင်တော့မည် မထင်ပါ။ တစ်မြို့ပြီးတစ်မြို့ ဖိတ်ကြားထားသော နေရာတွေသို့ ကူးပြောင်းသွားလာတိုင်း ၎င်းဒေသအသီးသီးမှာ ရှိကြတဲ့ လူတွေရဲ့ တာဝန်ကျေပွန်မှုတွေက အားနာစရာပင်ကောင်းနေပါတယ်။ ကျွန်မတို့ သွားရောက်ခဲ့ကြတဲ့ ခရီးစဉ်တလျှောက်မှာ ပြည်သူ့ဂုဏ်ရည်အဖွဲ့ ဒေသတာဝန်ခံများဖြစ်ကြတဲ့ ကိုဝေလ၊ ကိုတင်မောင်အေးနှင့်အဖွဲ့ (နယူးရော့ခ်မြို့)၊ ကိုနေလင်း၊ ကိုယဉ်ထွေးနှင့်အဖွဲ့ (မေရီလန်း)၊ ကိုသန်းနိုင်၊ ကိုဂျိမ်းမလင်းထွန်း၊ ကိုစိန်မြင့်မောင်နှင့်အဖွဲ့ (ဖလော်ရီဒါ)၊ ကိုထိန်လင်း၊ ကိုခင်မောင်အေးနှင့်အဖွဲ့ (ဆန်ဖရန်စစ္စကို)၊ ကိုကျော်ဝဏ္ဏ + မိုးချိုသင်း၊ ဦးကိုလေး၊ ဘိုဘိုနှင့်အဖွဲ့ (လော့စ်အင်ဂျလိမြို့)၊ ကိုဝင်းသူအောင်နှင့်အဖွဲ့ (လပ်စ်ဗီးဂက်စ်မြို့)၊ ကိုအေးမြင့်၊ ကိုမြင့်လွင်၊ ကိုဟန်ဝင်းချိုနှင့်အဖွဲ့ (ဖီးနစ်မြို့)၊ ကိုထွန်းထွန်းနှင့်အဖွဲ့ (ပို့ဒ်လန်း၊ အော်ရဂွန်)၊ ကိုမူးသာနှင့်အဖွဲ့ (စီရေတာ) တို့အပြင် ကျွန်မတို့ကို နေရာထိုင်ခင်းပေး၊ ချက်ပြုတ်ကျွေးမွေးဧည့်ခံကြတဲ့ မြန်မာမိသားစုတွေရဲ့ စေတနာကတော့ အနှိုင်းအဆ မရှိပါပဲ။
 အတူတကွ သွားကြတဲ့ တေးရေး တေးဆို မဇ္ဈိမလှိုင်း ဦးရဲလွင်ကလည်း ငြိမ်းချမ်းရေးသမား၊ တေးရေး တေးဆို ဆောင်းဦးလှိုင်နဲ့ ကျွန်မကလည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သူတွေ၊ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကလည်း မငြိမ်းချမ်းကြတဲ့ မြန်မာပြည်သူလူထုကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်ပါ မြန်မာပြည်သားချင်း ရိုင်းပင်းကူညီကြစေချင်သူတွေမို့ ကျွန်မတို့ခရီးစဉ်ဟာ လိုလေသေးမရှိအောင် အဆင်ပြေပါတယ်။
 အဆင်မပြေမှု အနည်းအကျဉ်းတော့ ရှိပါတယ်။ အဲဒါက ကျွန်မရဲ့ ပေါ့ဆမှုကြောင့်ပါ။ ၂၃-၁၁-၂၀၁၂ နေ့မှာ Las Vegas မြို့ကနေ Portland ကို အကူး၊ ဟိုတယ်က အထွက်မှာ ခရီးဆောင်သေတ္တာတစ်လုံး ပျောက်ကျန်ခဲ့ပါတယ်။ ဟိုတယ်ကအထွက် ၁၁ နာရီကနေပြီး လေယာဉ်ချိန် ၃း၄၅ အတွင်း ပစ္စည်းတွေနဲ့ ကျွန်မတို့ကို ကြိုဆိုပို့ဆောင်ပေးကြသူတွေဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည် Las Vegas တာဝန်ခံ ကိုဝင်းသူအောင်နဲ့အဖွဲ့တွေ ကား ၃ စီးနဲ့ ပထမဆုံး ဟိုတယ်က အထွက်မှာ နေ့လယ်စာ ထမင်းစားပြီး မြန်မာဘုန်းတော်ကြီးကျောင်းကနေ လေယာဉ်ကွင်းဆင်းပြီး တန်းပြန်ရင် အချိန်ကိုက်ပါပဲ။ ဖြစ်ချင်တော့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျွန်မ စီးထားတဲ့ ခြေညၟပ်ဖိနပ်ကလေးက သဲကြိုးပြတ်သွားပါတယ်။ ဒါနဲ့ ဖိနပ်အပို ၂ ရန် ထည့်ထားတဲ့ ခရီးဆောင်သေတ္တာထဲက ဖိနပ်ထုတ်စီးမယ်လုပ်တော့ အဲဒီသေတ္တာ ပါမလာတော့ပါဘူး။ အဖွဲ့သားတွေအားလုံးရော ဦးရဲနဲ့ ကိုဆောင်းပါ ပျာယာခတ်သွားပါတော့တယ်။ လေယာဉ်ချိန်ကလည်း နီးပြီမို့ လူတွေ သုတ်သုတ်ပျာပျာနဲ့ ဟိုတယ်ကို ပြန်ရှာကြရပါတယ်။
 သေတ္တာက ဟိုတယ်ကအထွက် ပါလာတာသေချာပြီး ဟိုတယ်ရှေ့မှာ စုပုံတဲ့အထိ ရှိနေတော့ ကား ၃ စီးနဲ့အတင်မှာ ကိုယ်စီအလုပ်ရှုပ်နေကြတာမို့ ဟိုတယ်ရှေ့မှာ ကျန်ခဲ့ပုံပေါ်ပါတယ်။ ဒါနဲ့ ဟိုတယ်လုံခြုံရေးနဲ့ စုံစမ်းရေးဌာနမှာ ပြန်ရှာပေမယ့် မရတော့ပါဘူး။ တစ်ဦးဦး တွေ့လို့ မှားယူသွားပုံပေါ်ပါတယ်။ အတွေ့အကြုံထူးတစ်ခုအနေနဲ့ မြန်မာပြည်က နမော်နမဲ့ စာရေးဆရာမတစ်ယောက် ဖိနပ်မပါဘဲ ဘုန်းကြီးကျောင်း၊ ဟိုတယ်နဲ့ Las Vegas လေဆိပ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ရပါတယ်။ အဖွဲ့သားတွေကို ကျွန်မက အမေရိကန်နိုင်ငံတွင်းက မြို့တစ်မြို့ရဲ့ လေဆိပ်မှာ ခင်းထားတဲ့ ကော်ဇောပြင်ရဲ့ နူးညံ့မှုကို ဘယ်သူမှ ကျွန်မလောက် အရသာမသိကြတာကို ဂုဏ်ယူစွာ ပြောပြနိုင်ခဲ့ပါတယ်။ လေဆိပ်အတွင်း လေယာဉ်ပေါ် တက်ခါနီးမှာတော့ ပါလာတဲ့ ညီမလေး ဒေါက်တာ မေချောရှိန်က နောက်ဆင်းမယ့်မြို့ လေဆိပ်က ကော်ဇောအရသာ မခံရအောင် လေယာဉ်ကွင်းထဲမှာရှိတဲ့ စတိုးဆိုင်တွေထဲက ရရာဖိနပ်တစ်ရန် ပြေးဝယ်ပေးလို့ စီးခဲ့ရပါတယ်။
 နောက်အမှတ်တရ တစ်ခုက လွမ်းမောရင်နင့်စရာတစ်ခုပါ။ ကျွန်မတို့ မောင်နှမ ၃ ဦး L.A ရောက်တော့ “ဆေးလိပ်လည်းတို .. နေလည်းညိုပြီ … ငါ့ကို ပြန်ပို့ကြပါလေ” လို့ ဆိုတဲ့ ကျွန်မတို့ချစ်တဲ့ ဆရာတင်မိုးရဲ့သမီး မိုးချိုသင်းနဲ့ ကျော်ဝဏ္ဏတို့အိမ်မှာ နေကြရပါတယ်။ ကျွန်မ အမေရိကားခရီးစဉ်ကို ရင်ခုန်ရတဲ့ သံစဉ်ထဲမှာ ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်နဲ့ စာပေမောင်နှမတွေ၊ ညီအစ်မတွေ ဖြစ်ကြတဲ့ ကိုအောင်ဝေး၊ ကိုသစ်ဆင်း၊ ကိုထိန်လင်း၊ ကိုသန်းဌေးမောင်၊ ကျော်ဝဏ္ဏ၊ မိုးချိုသင်း၊ မစမ်းစမ်းတင်၊ မေငြိမ်း၊ ခက်မာ နဲ့ အခြား ... အခြား .. သော သံယောဇဉ်ရှိသူတွေ အများကြီးပါ။
 L.A မှာ ဆရာ(ဦး)တင်မိုး ဆုံးသွားတဲ့ လက်ဖက်ရည်ဆိုင်ကလေးကို ချိုသင်းက ကျွန်မကို လိုက်ပြပါတယ်။
 “ဖေဖေက သူ့မိတ်ဆွေတစ်ယောက်နဲ့ ဟောဒီဆိုင်က ဒီခုံကလေးမှာထိုင်ပြီး ချိုသင်း အလုပ်ကအပြန်ကို စောင့်နေတာ။ ချိုသင်း အလုပ်က ပြန်လာလို့ ဖေဖေ အပြင်ရောက်နေရင် သမီးရေ .. ဖေဖေ ဘယ်မှာရှိတယ်ဆိုရင် ၀င်ခေါ်နေကျလေ။ ဖေဖေ အဲဒီနေ့က သူ့မိတ်ဆွေတစ်ယောက်နဲ့ လက်ဖက်ရည်သောက်ရင်း ရုတ်တရက် လဲကျပြီး ဆုံးသွားတာ။ မြန်လိုက်တာ အစ်မရယ် ..”
 ချိုသင်းနဲ့အတူ ကျွန်မ အတော်ခံစားရပါတယ်။ မြန်မာပြည်ကို သိပ်ချစ်တဲ့ဆရာ မြန်မာပြည်ကို လွမ်းတဲ့ မြန်မာပြည်ကို ပြန်လာချင်တဲ့ဆရာ .. ခုချိန်မှာ ကျွန်မ ပိုလွမ်းမိပါတယ်။
 အမေရိကန်ခရီးစဉ်မှာ အတုယူစရာတွေလည်း အများကြီးပါပဲ။ သူတို့နိုင်ငံသားတွေရဲ့ နေရာတကာမှာ သူများကို အလှည့်ပေးတတ်တဲ့၊ အမြတ်မထုတ်တတ်တဲ့၊ စည်းကမ်းတကျ တန်းစီတဲ့ အလေ့အကျင့်ကလေးက ကျွန်မတို့ မြန်မာပြည်မှာလို သူ့ထက်ငါ အလုအယက် တိုးဝှေ့နေကြရတဲ့ အခြေအနေနဲ့ ကွာခြားလွန်းပါတယ်။ စတိုးဆိုင်မှာ ဈေးဝယ်တာကအစ ကားမှတ်တိုင်မှာ ကားစောင့်တာအလယ်၊ အများသုံး အိမ်သာ ၀င်ကြတဲ့နေရာအဆုံးပါပဲ။ အလွန် အတုယူသင့်တဲ့ စည်းကမ်းပါပဲ။
 နောက်တစ်ခု စိတ်ကျေနပ်စရာကောင်းတာက ကျွန်မတို့ မြန်မာကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးပါ။ အမေရိကန်နိုင်ငံရဲ့ ပညာရေးစနစ် ဘယ်လောက်မြင့်မားတယ်ဆိုတာ ကျွန်မ ပြောဖို့လိုမယ် မထင်ပါဘူး။ ဒါပေမယ့် အမေရိကန်ကလေးတွေနဲ့အတူ စာသင်နေကြတဲ့ ကျွန်မတို့ မြန်မာကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ဘယ်လောက်ထက်မြက်တယ်ဆိုတာ မေငြိမ်းရဲ့ သား၊ သမီး နဲ့ ခက်မာရဲ့ သားတွေက အမြဲတမ်း ကျောင်းမှာ ဆုရနေကြတာက သက်သေပါပဲ။ ကျွန်မဖြင့် မြန်မာပြည်က ကျွန်မတို့ ရင်သွေးတွေကို အဲဒီ ပညာရေးစနစ်ကြီးထဲ တွန်းပို့ချင်လိုက်တာ။
 နောက်သတိပြုမိတာတစ်ခုက သူတို့နိုင်ငံမှာ ကျွန်မတို့ မြန်မာတွေအားလုံးနီးပါး ကားစီးနေကြတာပါပဲ။ ကားစီးနေကြတယ်လို့ ကျွန်မပြောတဲ့အတွက် ဆင်းရဲ ချမ်းသာ ကွာဟမှုနဲ့ ဆိုင်သယောင်ဖြစ်နေပါလိမ့်မယ်။ ချမ်းသာကြလို့ စီးတာတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာ မော်တော်ကားဟာ ကျွန်မတို့ဆီမှာ ဖိနပ်လိုပါပဲ။ ကားမရှိတဲ့လူဟာ ဖိနပ်မရှိတဲ့သူလိုပဲ ခရီးမတွင်ပါဘူး။ အလုပ်သွားလျှောက်ရင် ကားရှိလားလို့ အရင်မေးတာပါတဲ့။ ကားမရှိရင် အလုပ်ကို အချိန်မီ မရောက်နိုင်ဘူး၊ အလုပ်ခွင်စည်းကမ်းကို ချိုးဖောက်နိုင်တဲ့ အခွင့်အလမ်းမို့ အလုပ်မခန့်ချင်ကြပါဘူး။ ဒါကြောင့် မော်တော်ကားနဲ့ နေစရာအိမ်ဟာ သူတို့အတွက် အခြေခံလိုအပ်ချက်ပါပဲ။ ဒါကြောင့် အိမ်တစ်အိမ်မှာ ၂ ယောက် အလုပ်သွားလုပ်နေရရင် များသောအားဖြင့် ကား ၂ စီးရှိကြပါတယ်။ အဲဒီလောက် ၀ယ်နိုင်တဲ့အခြေအနေ ရှိလားလို့ မေးကြည့်မိတော့ အိမ်ရော ကားရော သူတို့ရဲ့လုပ်ငန်း ၀င်ငွေအခြေအနေကို ကြည့်ပြီး အရစ်ကျ ပေးသွင်းကြရပါသတဲ့။ အချို့ဆိုရင် အနှစ် ၂၀၊ ၃၀ အထိကို လစဉ်ဝင်ငွေထဲကနေပြီး အချိုးကျ အကြွေးဆပ်နေကြရပါတယ်။ ဒီတော့ အလုပ်ကို အမြဲတမ်း ကြိုးကြိုးစားစား မနားမနေလုပ်ပြီး အဲဒီကြွေးကို လစဉ် အဖြတ်ခံနေကြရတဲ့သူတွေ အများကြီးပါ။ ကြွေးမြီများဖြင့် တုပ်နှောင်ထားခြင်း ခံရပါသော်လည်း သူတို့ရဲ့ လူနေမှုအဆင့်ကတော့ မြန်မာပြည်က လက်လုပ်လက်စားများ၊ ၀န်ထမ်းများထက်တော့ မြင့်မားတာ အမှန်ပါပဲ။
 ကျွန်မအတွက်ကတော့ အမေရိကန်ခရီးစဉ်မှာ ရောက်တဲ့မြို့တိုင်းရဲ့ အထင်ကရနေရာတွေကို မြို့ခံ ပြည်သူ့ဂုဏ်ရည်တာဝန်ခံတွေက ပို့ပေးကြလို့ တခါတရံ တားတောင်ယူရပါတယ်။
 နေရာအနှံ့ အမှတ်တရ ဓာတ်ပုံတွေရိုက်ကြတဲ့အထဲမှာ UN ရုံးက မြန်မာတွေ ဂုဏ်ယူစရာ ကုလသမဂ္ဂ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး တတိယကမ္ဘာစစ်ကြီးကို တားနိုင်ခဲ့သူ ဦးသန့်ရဲ့ဓာတ်ပုံရှေ့မှာ မတ်တတ်ရပ် ဓာတ်ပုံအရိုက်ခံရတာကိုလည်း ကျေနပ်နေမိကြပါတယ်။
 ဒီခရီးစဉ်မှာ စာပေသမားတွေ၊ မိတ်ဆွေဟောင်းတွေနဲ့လည်း မမျှော်လင့်ဘဲ တွေ့ခွင့်ရပါတယ်။
 စာရေးဆရာမတွေဖြစ်တဲ့ ညီမ ရီတာအောင်၊ ညီမ ညိုခက်ကျော်နဲ့ စာရေးဆရာ ကိုဆွေအောင်၊ ယောမင်းကြီးစာပေက ဦးကောင်းမြင့်နဲ့ ရှုမ၀ဦးကျော် မိသားစုတွေ၊ ဆရာမကြီး ဒေါ်ဒဂုန်ခင်ခင်လေး မိသားစုတွေနဲ့အတူ ကျွန်မရဲ့ ပရဟိတလုပ်ငန်းတွေကို အမြဲနားစွင့်ပြီး လှူတန်းနေတဲ့ ညီမလေး စန်းစန်းမြင့် နဲ့ အခြား ပရဟိတ အားပေးသူများ၊ စေတနာရှင်များနဲ့လည်း ဆုံစည်းရတာမို့ ရခိုင်နဲ့ ကချင် ရန်ပုံငွေအပြင် အခြား ပရဟိတ လုပ်ငန်းကလေးတွေအတွက်လည်း သီးသန့် နိုင်သလောက် စာအိတ်ကလေးတွေနဲ့ အလှူငွေ ပါးလိုက်ကြပါသေးတယ်။
 ၂၈-၁၁-၂၀၁၂ နေ့မှာတော့ ကျွန်မတို့ လူမှုရေးနဲ့ အနုပညာမောင်နှမ ၃ ဦး ငြိမ်းချမ်းရေးခရီးစဉ် ပြီးဆုံးလို့ မြန်မာနိုင်ငံကို ပြန်လာကြပါတယ်။ အဲဒီခရီးစဉ် ပြီးဆုံးလုဆဲဆဲမှာပဲ အင်တာနက်ပေါ်မှာ နောက်ထပ် မငြိမ်းချမ်းတဲ့ ပဋိပက္ခတစ်ခု စတင်တဲ့ တန်ဆောင်မုန်းလပြည့်ညရဲ့ ဆေးပေါင်းခချိန်က ကြိုဆိုလိုက်ပြန်ပါတယ်။
 ၅-၁၂-၂၀၁၂ နေ့မှာ အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများနဲ့ ပြည်သူ့ဂုဏ်ရည်အသင်းက ပို့ပေးလိုက်တဲ့ ရန်ပုံငွေပွဲက ရရှိတဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၃၄၉၃၆.၃၉ ရဲ့ တန်ဖိုး မြန်မာငွေ သိန်းပေါင်း နှစ်ရာ့ကိုးဆယ်ကျော်ကို ကချင်ဒေသနဲ့ ရခိုင်ဒေသကို တ၀က်စီခွဲပြီး လှူဒါန်းတဲ့ပွဲကလေးကို ကျွန်မတို့ရဲ့ နာရေးကူညီမှုအသင်းမှာ လုပ်ဖြစ်ပါတယ်။
 ကချင်ဒေသအတွက် ၈၈ မျိုးဆက်ကျောင်းသားများက ကိုယ်စားလက်ခံ တာဝန်ယူလှူဒါန်းပေးပြီး ရခိုင်ဒေသအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)က ကိုယ်စားလက်ခံပြီး တာဝန် ယူလှူဒါန်းပေးကြပါတယ်။
 မငြိမ်းချမ်းတဲ့ ဒေသများအတွက် ငြိမ်းချမ်းရေးခရီးပေါင်းများစွာကိုသာ နေရာဒေသအနှံ့ ပရဟိတသမားများ၊ လူမှုရေးကြိုးပမ်းဆောင်ရွက်ကြသူများ၊ မြန်မာနိုင်ငံကို အမှန်တကယ် ငြိမ်းချမ်းကြစေလိုသူများချည်းသာ ရောက်ရှိ အကျိုးဆောင်နိုင်ကြမည်ဆိုလျှင် … ထပ်မံဖြစ်ပွားလေမည့် ပဋိပက္ခများကို ငြိမ်းချမ်းသော နှလုံးသားများ၊ စာနာထောက်ထားသော ကိုယ်ကျင့်တရားများနှင့် တားဆီးကာကွယ်နိုင်ကြပါလျှင်မူ …။ ။

သန်းမြင့်အောင်

နောက်ဆက်တွဲ
 မမျှော်လင့်ဘဲ ငြိမ်းချမ်းရေးခရီးစဉ်အတွက် ပီတိဖြစ်ရတဲ့ ကိစ္စလေးက ကျွန်မ မြန်မာပြည် ပြန်ရောက်ပြီး ရက် ၂၀ ကျော်အကြာမှာ အမေရိကားကို လူမှုရေးနဲ့အနုပညာကိစ္စတစ်ခုနဲ့ ရောက်သွားတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လူမှုရေးသမားအနုပညာရှင် ဒေါ်ဆွေဇင်ထိုက်နဲ့အတူ Las Vegas မှာ ပျောက်ခဲ့တဲ့ ခရီးဆောင်သေတ္တာကြီး ပြန်ပါလာခဲ့တာပါပဲ။
 ကျွန်မ နမော်နမဲ့ ထားခဲ့တာကို မှားယူသွားတဲ့သူက ဟိုတယ်ကို လာပြန်အပ်ပုံပေါ်ပါတယ်။ အဲဒါလည်း အတုယူစရာပါပဲ။ ကျွန်မရဲ့ အဲဒီအိတ်ကြီးကို Las Vegas က ပြည်သူ့ဂုဏ်ရည်အဖွဲ့ တာဝန်ခံ ကိုဝင်းသူအောင်က ဒေါ်ဆွေဇင်ထိုက်နဲ့ လူကြုံပါးပြီး ခရီးဆောင်အိတ်အတွက် ၀န်ဆောင်ခပါ စိုက်ပြီး ကျွန်မဆီကို မြန်မာပြည်အရောက် ပြန်ပို့လိုက်ကြကြောင်းပါ။

 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလထုတ် ကလျာမဂ္ဂဇင်းပါဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။

Last modified on Friday, 09 May 2014 18:38
You are here: Home မငြိမ်းချမ်းသော ဒေသများအတွက် ငြိမ်းချမ်းရေးခရီးစဉ်