Friday, 26 October 2012 13:28

ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ၏ သတင်းထုတ်ပြန်ကြေညာခြင်း (၂/၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်

        ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)သည် မြန်မာနိုင်ငံအတွင်းမှဂုဏ်ပြုထိုက်သော လူမှုရေးသူရဲကောင်းများကို ဖော်ထုတ် ဂုဏ်ပြုသွားရန်နှင့် အမှန်တကယ် အကူအညီလိုအပ်နေသည့် မြန်မာနိုင်ငံအတွင်းမှ လူမှုရေးအသင်းအဖွဲ့များကို အားပေးကူညီသွားရန် ဟူသော ရည်ရွယ်ချက်အတိုင်း ၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့ တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

         ၂၀၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရန်အတွက် ကိုရီးယားဌာနခွဲ၏ ပထမအကြိမ် ရန်ပုံငွေရှာဖွေသည့် “ ရန်ပုံငွေ မိတ်ဆုံစားပွဲ ”ကို စက်တဘာင်္လ (၁၆)ရက် နေ့လည် (၂)နာရီမှ ည (၇)နာရီအထိ ကိုရီးယားနိုင်ငံ၊ ပူချွန်းမြို့၊ မြန်မာအသင်း ရုံးတည်ရှိရာ ပူချွန်းနိုင်ငံခြားသားအလုပ်သမားများရိပ်သာ ခန်းမဆောင်တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
 pressrelease2 pic1 ed

          အခမ်းအနားတွင် ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)တာဝန်ခံ ဦးဝင်းမြင့်ဦးမှ ကိုရီးယားဌာနခွဲဖြစ်ပေါ်လာပုံ၊ ရည်ရွယ် ချက်နှင့် လုပ်ဆောင်နေသည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခြင်း၊ မြန်မာအသင်း(ကိုရီးယား)မှ ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ကိုရီးယားဌာနခွဲမှ ဒု-ဥက္ကဋ္ဌ ဦးသက်နိုင်၊ BMWH နိုင်ငံခြားသား အခွင့်အရေး ကာကွယ်ရေး အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ စုံအင်ဝှမ်နှင့် မြန်မာပြည်ချစ်သူများအဖွဲ့မှ တာဝန်ရှိသူ မစ္စစ် ကင်မ်အွန်းဟဲ တို့အသီးသီးမှ ဂုဏ်ပြုအမှာစကားပြော ကြားခဲ့ပါသည်။ ပြည်သူ့ဂုဏ်ရည်အသင်း၏ လုပ်ဆောင်ချက်များကိုလည်း ဗီဒီယို ဆလိုက်ရှိုးဖြင့်ပြသခဲ့သည့်အပြင် Rainbow Band နှင့် Mirror Band တို့၏ တေးဂီတများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ပါသည်။

    ရန်ပုံငွေမိတ်ဆုံစားပွဲတွင် ကြာဇံကြော်၊ ဝက်သားတုတ်ထိုး၊ ကြက်သားကြော်၊ ဘယာကြော်သုတ်နှင့် အခြားစားသောက်စရာများ ကိုတပွဲလျှင် ဝမ်(၅ ၀၀၀)နှုန်းဖြင့် ရောင်းချခဲ့ပြီး ရန်ပုံငွေမိတ်ဆုံစားပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ပါသည်။
    ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)၏ “ ရန်ပုံငွေ မိတ်ဆုံစားပွဲ ”မှ အစားအသောက်များရောင်းချခြင်း  အမြတ်ငွေနှင့် အ လှူရှင်တဦး၏ သီးသန့်အလှူငွေ တစ်ဆယ်သိန်း (ဝမ်) ၁ ၀၀၀ ၀၀၀ အပါအဝင် စုစုပေါင်း သုံးဆယ့်သုံးသိန်း လေးသောင်း ရှစ်ထောင် ခြောက်ရာ့ ငါးဆယ် (ဝမ်) ၃ ၃၄၈ ၆၅၀ (U.S 3 000$ ခန့်) ရရှိခဲ့ပါသည်။ အဆိုပါရန်ပုံငွေများကို စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခြင်းတို့တွင် ခွဲဝေသုံးစွဲသွားမည်ဖြစ်ကြောင်း အသိပေးတင်ပြပါသည်။

pressrelease2 pic2

ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ)အဖွဲ့ဝင်များနှင့် ဝိုင်းဝန်းကူညီပံ့ပိုးကြသည့် ညီအစ်ကိုမောင်နှမများ

         “ ရန်ပုံငွေ မိတ်ဆုံစားပွဲ ”အောင်မြင်စွာပြုလုပ်နိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးအကူအညီပေးကြသော အဖွဲ့အစည်းများ မေတ္တာဖြင့်တီးခတ်သီဆိုဖျော်ဖြေပေးကြသော Rainbow Bandနှင့် Mirror Band တေးဂီတဝိုင်းများ၊ အစားအသောက်များချက်ပြုတ်ရာ တွင် အကူအညီပေးကြသော ညီအစ်ကိုများ၊ အခမ်းအနားပြင်ဆင်ရေးနှင့် မှတ်တမ်းတင်ခြင်းတို့တွင် အကူအညီပေးကြသော ညီအစ်ကို များနှင့် ရန်ပုံငွေရှာဖွေသည့် လက်မှတ်များကို ဝယ်ယူအားပေးကြသည့် မြန်မာနိုင်ငံသား ညီအစ်ကိုများအားလုံးကို ပြည်သူ့ဂုဏ်ရည် အသင်း(ကိုရီးယားဌာနခွဲ)မှ ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်ပါသည်။

ပြန်ကြားရေးနှင့် မှတ်တမ်းကော်မတီ

Last modified on Friday, 26 October 2012 14:12
You are here: Home သတင်းနှင့်မှတ်တမ်း Documentations ထုတ်ပြန်ကြေညာချက် Announcements ပြည်သူ့ဂုဏ်ရည်အသင်း (ကိုရီးယားဌာနခွဲ) ၏ သတင်းထုတ်ပြန်ကြေညာခြင်း (၂/၂၀၁၂)