Friday, 13 April 2012 07:59

ဒေါက်တာ အရှင်အဂ္ဂါစာရ သာသနာ့ဓဇ ဓမ္မာစရိယ

ဆရာတော် အရှင်အဂ္ဂါစာရကို ၁၉၆၉ ခုနှစ် မတ်လ ၂ ရက်နေ့က ညောင်လေးပင်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာတွင် ခမည်းတော် ဦးစံမြ၊ မယ်တော် ဒေါ်ဝင်းကြည်တို့မှ ဖွားမြင်သည်။

၁၉၈၀ ပြည့်နှစ်တွင် ကြိုးကြာကွင်းကျေးရွာ ရွှေညောင်ပင်ကျောင်းတိုက်ဆရာတော် ဦးသုမဏကို ဥပဇ္ဈယ်ပြု၍ မယ်တော်၊ ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေဘ၀သို့ ရောက်ရှိသည်။ ၁၉၈၉ ခုနှစ်တွင် ညောင်လေးပင်မြို့နယ် ဇီးကန်အရှေ့ကျောင်းဆရာတော် ဦးကောဝိဒကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘ၀သို့ ရောက်ရှိခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ပထမကြီးတန်း၊ ၁၉၉၀ ခုနှစ်တွင် သာသနာ့ဓဇ ဓမ္မာစရိယတန်းကို အောင်မြင်တော်မူခဲ့သည်။ ၁၉၉၀ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်း စာဝါများကို မဟာပညာဗိမာန်စာသင်တိုက်၌ သင်ကြားပို့ချပေးခဲ့သည်။

၁၉၉၄ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ပညာတော်သင် သွားရောက်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင် M.A၊ ၁၉၉၉ ခုနှစ်တွင် M.Phil၊ ၂၀၀၄ ခုနှစ်တွင် Ph.D ဘွဲ့များ ရရှိခဲ့သည်။

ဆရာတော်သည် ၂၀၀၁ ခုနှစ်တွင် မဟာပညာဗိမာန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကို မူလတန်းအဆင့် စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် မူလတန်းလွန်ကျောင်းအဆင့်ဖြင့် သတ္တမတန်းအထိတိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့သည်။ ၂၀၀၆ ခုနှစ်မှစ၍ ပညာဒါနအနေဖြင့် တက္ကသိုလ်ဝင်တန်း ပြင်ပဖြေကျောင်းသားများအား အထောက်အကူပြုသင်တန်းကို စတင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို အဋ္ဌမတန်း(တွဲဘက်) အဖြစ် ဖွင့်လှစ်သင်ကြားခဲ့သည်။

မိဘမေတ္တာလိုအပ်နေသောကလေးများနှင့် ပညာသင်ယူရန် အခွင့်အရေးဆုံးရှုံးနေသော ကလေးသူငယ်များအား တိုင်းပြုပြည်ပြု လူကောင်းလူမွန်များ ဖြစ်ထွန်းလာစေရန် အဓိက ရည်ရွယ်လျက် လူငယ်စွမ်းအားမြှင့်တင်ရေးစင်တာ (Youth Development Centre) ကို ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါစင်တာ တွင် နာဂစ်မုန်တိုင်းကြောင့် ဒုက္ခရောက်ခဲ့ကြရသော မိဘမဲ့ ကလေးသူငယ်များ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသများရှိ ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ၊ မိဘနှစ်ဦးအနက် တဦးဦး ကွယ်လွန်၍ ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသော ကလေးသူငယ်များ စုစုပေါင်း ၁၂၀ ကို စားရေး၊ နေရေး၊ ၀တ်ရေး၊ ကျန်းမာရေး၊ ပညာဆက်လက် သင်ယူနိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာမြင့်မားရေးတို့အတွက် စနစ်တကျ ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

မဟာပညာဗိမာန် ပရဟိတကျောင်း (Youth Development Centre) ၏ တနေ့တာ ကုန်ကျစရိတ်မှာ ဆန် ၃၂ ပြည်၊ ဟင်းလျာ ၃၅၀၀၀ ကျပ်၊ ငါးပိ ဆီ စသည် ၁၅၀၀၀ ကျပ် ခန့်ဖြစ်သည်။

မဟာပညာဗိမာန် ဘက ကျောင်းတွင် သူငယ်တန်းမှ အဋ္ဌမတန်းအထိ ကျောင်းသားကျောင်းသူ ၄၅၀ ဦး တက်ရောက်လျက်ရှိပြီး ရဟန်းတော် ၃ ပါး၊ ဆရာ ဆရာမ ၁၅ ဦးတို့က မူလတန်း အလယ်တန်းပညာများအပြင် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာများ၊ စာရိတ္တကောင်းမွန်ရေး ပညာပေးဆွေးနွေးမှုများဖြင့် စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိသည်။

မဟာပညာဗိမာန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၏ တစ်လတာ ကုန်ကျစရိတ်မှာ ငါးသိန်းကျပ် ဖြစ်ပြီး မဟာပညာ ဗိမာန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် စာသင်ခန်းလိုအပ်ချက်ကြောင့် တိုးချဲ့စာသင်ဆောင် (နှစ်ထပ် အာစီကျောင်း) တစ်ကျောင်း ဆောက်လုပ်ရန် လိုအပ်လျက်ရှိသည်။

ဆရာတော်သည် ယခုအခါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (သူငယ်တန်းမှ အဋ္ဌမတန်းထိ) ၏ အုပ်ချုပ်စီမံခန့်ခွဲမှုများနှင့် မဟာပညာဗိမာန်ပရဟိတကျောင်း (Youth Development Centre) မှ ကျောင်းသားကျောင်းသူ ကလေးသူငယ်များ၏ စားဝတ်နေရေး၊ အသိအလိမ္မာ တိုးပွားစေရေး၊ တိုင်းကျိုးပြည်ပြု လူကောင်းလူမွန်များ ပေါ်ထွက်လာစေရေးတို့အတွက် ပြုစုပျိုးထောင်ပေးရင်း
‘မဟာပညာဗိမာန် ပရဟိတကျောင်း’ ရေအားလျှပ်စစ်လမ်း၊ ကျွဲတဲရပ်ကွက်၊ ရွှေကျင်မြို့၌ သီတင်းသုံး နေထိုင်တော်မူလျက်ရှိသည်။   ။

Last modified on Friday, 13 April 2012 08:30
You are here: Home ဂုဏ်ယူဖွယ်ရာမြန်မာများ Honorable Citizens လက်ရှိ ဆောင်ရွက်နေသူများ current activists ဒေါက်တာ အရှင်အဂ္ဂါစာရ သာသနာ့ဓဇ ဓမ္မာစရိယ