Monday, 19 March 2012 17:45

ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)

ဆရာတော်ကို ၁၉၆၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် မန္တလေးတိုင်း မိုးကုတ်မြို့ ထင်းရှူးခြံရပ်တွင် ဖွားမြင်သည်။ အဖ ဦးသက်ထွန်း၊ အမိ ဒေါ်သန်း ဖြစ်ပြီး မွေးချင်း ၄ ဦးအနက် အကြီးဆုံးဖြစ်သည်။

မိုးကုတ်မြို့ အောင်နန်းရပ် အောင်နန်းကျောင်း အ.မ.က (၃၀) တွင် သူငယ်တန်းမှ ၄ တန်းအထိ၊ အောင်နန်းရပ် အ.ထ.က (၁) ၌ ၅ တန်းမှ ၁၀ တန်းအောင်အထိ တက်ရောက်ခဲ့ပြီး မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒ အထူးပြုဖြင့် သိပံ္ပဘွဲ့ ရရှိခဲ့သည်။

၁၃၅၆ ခုနှစ် ကဆုန်လပြည့်နေ့ (၁၉၉၄ ခုနှစ် မေလ ၂၄ ရက်) တွင် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် မြို့ဟောင်း မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာကျောင်းတိုက်၌ ရဟန်းအဖြစ်သို့ ရောက်ရှိသည်။

ဆရာတော်သည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ပြုပြင်ပြောင်းလဲရေး တရားများကို ဘာသာရေးနှင့် ဆက်နွယ်ကာ ဟောကြားလေ့ရှိသည်။ ‘အပယ်ငရဲ ရောက်မည်’ ဆိုသည်ကို ‘ဒယ်အိုး ရောက်သွားမယ်’ဟု သုံးနှုန်း ဟောပြောလေ့ရှိသဖြင့် ‘ဒယ်အိုးဆရာတော်’ ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ၂ဝဝ၈၊ ၂ဝဝ၉၊ ၂၀၁၂ ခုနှစ်များအတွင်း ဆရာတော်၏ တရားပွဲများ ပိတ်ပင်ခြင်း ခံခဲ့ရသည်။

ဆရာတော်သည် သုမင်္ဂလာအကျိုးတော်ဆောင်လုပ်ငန်းကို ထူထောင်ပြီး နာဂစ်ကူညီမှုလုပ်ငန်းများ၊ ပညာဒါနလုပ်ငန်းများ၊ ကျန်းမာရေးနှင့် အထွေထွေလူမှုရေးလုပ်ငန်းများ အတွက် ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။

ဆရာတော် ဦးဆောင်သော သာသနာအကျိုးတော်ဆောင် သုမင်္ဂလာဖောင်ဒေးရှင်းက ၂၀၀၈ ခုနှစ် ဇွန်လ ၁ ရက်မှ ၂၀၀၉ ခုနှစ် မေလ ၃၁ ရက်အထိ ပရိယတ္တိစာသင်တိုက်နှင့် သီလရှင်စာသင်တိုက်ကြီးများသို့ ကျပ် ၇၉ သိန်း၊ ပညာရေးထောက်ပံ့မှု ကျပ် ၃၂၇ သိန်း၊ ကျန်းမာရေးထောက်ပံ့မှု ကျပ် ၁၂၅ သိန်း ၅ သောင်း၊ ပရိပတ္တိရိပ်သာ ပရဟိတနှင့် လူမှုရေးအဖွဲ့အစည်းများသို့ ကျပ် ၇၉ သိန်း ၉ သောင်း လှူဒါန်းခဲ့ကြောင်း ဆရာတော် ဦးသုမင်္ဂလ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဆရာတော် ဦးဆောင်သော လေဘေး၊ ရေဘေးသင့် ပြည်သူများအား အကူအညီပေးရေးအဖွဲ့မှ

(၁) ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်နှင့် ဖျာပုံမြို့နယ် အတွင်းရှိ နောက်ပြန်တိုးကျေးရွာ၊ တမံစုကျေးရွာ၊ ရေပလုံကျေးရွာ၊ ဂွေးချောင်းကျေးရွာ၊ သောကြာကျေးရွာ၊ ကျုံလှကျေးရွာ၊ မြစိမ်းကန်ကျေးရွာ၊ မင်္ဂလာတောင်တန်း၊ ဂွေးကုန်းကျေးရွာ၊ ကျုံလွတ်ကျေးရွာ၊ ကွင်းပုန်းကျေးရွာ၊ ဖိုးရှမ်းကြီး၊ ညီနောင်ကျေးရွာ၊ စွယ်တော်ကုန်း၊ အကယ်ရွာမ-ရွာ၊ ကွန်ဒိုင်း (ကျွဲသလင်း)၊ အကယ်ချောင်းဝ၊ သကြားဟင်းအိုးကျေးရွာ တို့ရှိ အိမ်ထောင်စု ၃၂၂၈ စု (လူဦးရေစုစုပေါင်း ၁၄၀၈၃ ယောက်) အတွက် (ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်သွန်နီ၊ ပဲ) ကူညီထောက်ပံ့မှု။

(၂)  ဒေးဒရဲမြို့နယ်နှင့် ဖျာပုံမြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများသို့ သွပ်ချပ်ရေ ၂၆၀၀ နှင့် န၀ကမ္မအလှူငွေ ကျပ်ငွေ သိန်း ၆၀ လှူဒါန်းမှု။

(၃) ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် အောက်ပြွန်ဝကျေးရွာသည် ရွာလုံးကျွတ် ဒုက္ခရောက်ကြပြီး ရွာပျက်စီးသွားသောကြောင့် ဆရာတော် ဦးသုမင်္ဂလက ရွာကို ပြန်လည်တည်ဆောက်ပေးခဲ့ခြင်း နှင့် ရွာပြန်တည်ရန်၊ ဇရပ်ဆောက်ရန်အတွက် ကျပ် ၂၈ သိန်း နှင့် သွပ်၊ သွပ်သံ၊ ခေါင်အုပ်သွပ် အပါအ၀င် အိမ်ထောင်စု ၁၂၁ စု လူဦးရေ ကျား/မ ၃၆၃ ယောက်တို့အတွက် အ၀တ်အထည်များ၊ အိမ်သုံးပစ္စည်းများ လူသုံးပစ္စည်းများ လှူဒါန်းမှု။

(၄) ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် သုံးခွကျေးရွာ၊ မန်ကျည်းပင်ကျေးရွာ၊ အထက်ပြွန်ဝကျေးရွာ၊ ဖိုးပုဂံကုန်း၊ ဓာတ်တော်ကုန်း၊ သင်္ကန်းလေး၊ နကုန်း၊ ထော်ပုဏ္ဍား၊ ဂုံညင်းတန်း၊ သံကုန်း၊ ကာဘီလူးကျွန်း၊ ကြာကန်၊ သမုက်ပင်၊ အုန်းပင်စု၊ ကောက်ကွေ့၊ ဟန်းစု၊ ကျူတော၊ တံခွန်တိုင်၊ ကျားဘိုကုန်း၊ ပုတ္တ၊ ကုန်းတန်း၊ အင်္ဂတေ၊ ကိုးတောင်၊ သစ်ပုတ်ထိပ်၊ တမန်ချောင်း၊ တောင်ဦး၊ သဇင်ကျွန်း၊ ရေပေါ်လေး၊ ငှက်ပေါက်၊ သပြေဆိပ်၊ ကန်ချောင်း၊ ကျောက်တံခါး၊ ကညင်ငူ၊ သင်္ကန်းကုန်း၊ ဇီးဖြူဆိပ်၊ ဒေါင့်ကြီး၊ ကန်မလာ (မြို့သစ်အုပ်စု)၊ ဂွေ့ချောင်း ကျေးရွာတို့ရှိ အိမ်ထောင်စုပေါင်း ၁၃၁၇၄ စု လူဦးရေ ကျားမ ၉၄၉၈၅ ယောက်တို့အတွက် အိမ်ဆောက်ပစ္စည်း အိမ်သုံးပစ္စည်းများနှင့် လူသုံးပစ္စည်းများနှင့် အစားအစာများ လှူဒါန်းမှု တို့ကို ဆောင်ရွက်ခဲ့သည်။

ဆရာတော်သည် ‘စုံနံ့သာမြိုင် ပရဟိတ အသင်းအဖွဲ့များ နှီးနှောဖလှယ်ပွဲ’ ကိုလည်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် ဦးစီး ကျင်းပခဲ့သည်။ အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပြည်နယ်နှင့်တိုင်း ၁ဝ ခုမှ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပရဟိတလုပ်ငန်း လုပ်ဆောင်နေသူ လူပုဂ္ဂိုလ်နှင့် သံဃာတော်များ၊ လေ့လာသူများ စုစုပေါင်း ၂၅ဝဝ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။     ။

Last modified on Monday, 19 March 2012 17:51
You are here: Home ဂုဏ်ယူဖွယ်ရာမြန်မာများ Honorable Citizens လက်ရှိ ဆောင်ရွက်နေသူများ current activists ဆရာတော် ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်)