Saturday, 28 January 2012 12:31

လူရွှင်တော်၊ အနုပညာရှင် ဦးသူရ (ခေါ်) ဇာဂနာ

အမည်ရင်း ဦးသူရ (ခေါ်) ဇာဂနာသည် ရန်ကုန်မြို့ဇာတိဖြစ်ပါသည်။ ဦးဇာဂနာကို အဖ ဦးအောင်သိန်း (စာရေးဆရာကြီးနန်းညွန့်ဆွေ)နှင့် အမိ သခင်မ ဒေါ်လှကြည် (စာရေးဆရာမကြီး ဒေါ်ကြည်ဦး) တို့က ၁၉၆၁  ခုနှစ်၊  ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။

ဦးဇာဂနာသည် အခြေခံပညာအထက်တန်းကို အ.ထ.က (၁) ဒဂုံ မှ အောင်မြင်ခဲ့ပြီး၊ ၁၉၈၅ ခုနှစ်တွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှ သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။ သို့ရာတွင် သွားဆရာဝန်တစ်ဦးအဖြစ်  အသက်မွေးဝမ်းကျောင်းမပြုခဲ့ဘဲ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။ ဦးဇာဂနာသည် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေ ဘက်စုံထူးချွန်သည့် စွယ်စုံရ အနုပညာရှင်တစ်ဦးဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်များမှ စ၍ မြန်မာနိုင်ငံတွင် အထင်ရှားဆုံး လူရွှင်တော်တစ်ဦးဖြစ်လာခဲ့သည်။ မြကျွန်းသာ၊ မိုးနတ်သူဇာ၊ မြပုဏ္ဏမာနှင့် သီးလေးသီးအငြိမ့်အဖွဲ့များကို ဦးဆောင်တည်ထောင်ခဲ့သူ ဖြစ်သည်။

ပြည်သူလူထုနှင့် တသားတည်း ရှိခဲ့သည့် ဦးဇာဂနာသည် အမှန်တရားကို လိုလားပြီး နိုင်ငံရေးယုံကြည်ချက်ကြောင့် အာဏာပိုင်တို့၏ အကြိမ်ကြိမ် ဖမ်းဆီးအကျဉ်းချခြင်း ခံခဲ့ရရုံသာမက အနုပညာလုပ်ငန်းများကိုပါ ပိတ်ပင်တားဆီးခြင်း ခံခဲ့ရသည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာအရေးအခင်းကာလအတွင်း မေတ္တာပို့ ဆုတောင်းနေကြသည့် သံဃာတော်များအား ဆွမ်း၊ ရေနှင့် လိုအပ်သည့် ဆေးဝါးအသုံးအဆောင်များ သွားရောက်ကပ်လှူပေးခြင်း၊ အလှူရှင်များ ရရှိရေး လှုံ့ဆော်ပေးခြင်းတို့ကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်ပေးခဲ့သည်။

၂၀၀၈ ခုနှစ် မေလ အတွင်း မြန်မာနိုင်ငံကို ဖြတ်သန်းတိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပြည်သူလူထု သိန်းနှင့်ချီပြီး အသက် အိုးအိမ် စည်းစိမ်များစွာ ဆုံးရှုံးခဲ့ရသည်။ ဦးဇာဂနာသည် မုန်တိုင်းတိုက်ခတ်အပြီး ၄ ရက်အကြာတွင် အနုပညာရှင်ပေါင်း များစွာနှင့်အတူ လေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို တက်တက်ကြွကြွ ကူညီခဲ့သည်။ ခရီးလမ်းပန်း အခက်အခဲ၊ အနှောင့်အယှက် အတားအဆီးများကြားက နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဒုက္ခရောက်နေကြသည့် လေဘေးသင့် ပြည်သူလူထုထံ အကူအညီများ အမြန်ဆုံးရောက်ရှိစေရန် မနေမနား ဆောင်ရွက်နိုင်ခဲ့သည်။

မုန်တိုင်းတိုက်ခတ်အပြီး တစ်လခန့်အကြာတွင် ဦးဇာဂနာနှင့် လုပ်ဖော်ကိုင်ဖက် ၄၀၀ ကျော်တို့သည် ကယ်ဆယ်ရေးအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ ပူးတွဲလုပ်ကိုင် နိုင်ခဲ့ကြပြီး ပြည်သူလူထုကိုလည်း မီဒီယာများမှတဆင့် မုန်တိုင်းသင့်ဒေသများမှ ဒုက္ခသည်များ၏ အခြေအနေတို့ကို အမြန်ဆုံး သတင်းပို့ ရှင်းပြနိုင်ခဲ့သည်။  ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်းဘက်ရှိ ချောင်းရိုးတလျှောက်တွင် အကူအညီမရကြသည့် ဒုက္ခသည်များအား အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ကိုယ်တိုင်သွားရောက် အကူအညီပေးပြီး ရန်ကုန်မြို့သို့ ပြန်ရောက်လာသည့် ဦးဇာဂနာက သူမြင်တွေ့ခဲ့ရသည့် လေဘေးဒဏ်သင့်ပြည်သူများ ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်နေကြရပုံ၊ အစိုးရနှင့် နိုင်ငံတကာ အကူအညီများ လူထုထံသို့ အချိန်မီမရောက်ရှိပုံ၊ စေတနာရှင် လုပ်အားပေးများက ပိုမိုလျင်မြန်ထိရောက်အောင် ကူညီပေးနိုင်စေရေးအတွက် မလိုလားအပ်သည့် အခက်အခဲ အတားအဆီးများကို ဖယ်ရှားပေးသင့်ပုံ စသည့် အတွေ့အကြုံနှင့် အခြေအနေမှန်များကို မီဒီယာများမှတဆင့် လွတ်လပ်ပွင့်လင်းစွာ ဝေဖန်ပြောဆိုခဲ့ပါသည်။

၂၀၀၈ ခုနှစ် ဇွန်လဆန်းတွင် အာဏာပိုင်များက ဦးဇာဂနာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းကို နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန် လှုံ့ဆော်မှု၊ ဗီဒီယိုအက်ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့သည်။ နောက်ပိုင်းတွင် ထောင်ဒဏ် ၂၄ နှစ် လျှော့ပေးခဲ့ရာ ထောင်ဒဏ် ၃၅ နှစ် ကျခံနေခဲ့ရသည်။ ဦးဇာဂနာသည် မိသားစုနှင့် ဝေးကွာသော မြစ်ကြီးနား အကျဉ်းထောင်တွင်  အကျဉ်းကျခံနေရစဉ် မိဘ ၂ ပါး ကွယ်လွန်သွားခဲ့သည်။

ဦးဇာဂနာသည် သမ္မတ ဦးသိန်းစိန်၏ ဒုတိယအကြိမ် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။ အကျဉ်းထောင်မှ လွတ်မြောက်လာပြီးနောက် မလွတ်မြောက်သေးသည့် နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့ရေးလုပ်ငန်းကို ကိုယ်တိုင်ဦးစီး လုပ်ကိုင်ခဲ့သည်။ ထို့အပြင် မျိုးဆက်သစ်များ ပညာရေးအတွက် အကျိုးပြုလုပ်ငန်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

ဦးဇာဂနာသည် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်နိုင်ရေးအတွက် နောက်ဆုံးဆန်ခါတင် ၅ ဦး အမည်စာရင်းတွင် ၂ နှစ်ဆက်တိုက် အဆိုပြုခံရသူ ဖြစ်ပါသည်။     ။

Last modified on Monday, 06 February 2012 16:01
You are here: Home ဂုဏ်ယူဖွယ်ရာမြန်မာများ Honorable Citizens လက်ရှိ ဆောင်ရွက်နေသူများ current activists လူရွှင်တော်၊ အနုပညာရှင် ဦးသူရ (ခေါ်) ဇာဂနာ